Local News

သွေးခုံး(ဂျင်း) မွေးမြူရေး ပိုကျယ်ပြန့်လာ၍ သားပေါက်ဈေးနှုန်းနှစ်ဆခန့်မြင့်တက်

Last Updated:

       တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်း သည့်ကျေးရွာအများစုတွင် သွေးခုံး(ဂျင်း)ကို စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် မွေးမြူလာ၍ သွေးခုံး(ဂျင်း) သားပေါက်များ စျေးကောင်းရနေသည်ဟု သိရသည်။ သွေးခုံး(ဂျင်း)သားပေါက်တို့သည် ရေကန်တောင် ကျေးရွာတွင် အများဆုံးထွက်လေ့ရှိပြီး သွေးခုံးမွေးမြူခြင်း လုပ်ငန်းအတွက် သားပေါက်များ အများအပြား ဝယ်ယူရောင်းချနေကြခြင်းဖြစ်သည်။

    ယခုနှစ်တွင် သွေးခုံး(ဂျင်း)သားပေါက်ရှားပါးခြင်းနှင့် အများအပြားဝယ်ယူခြင်းကြောင့် စျေးတက်သွား ခြင်းဖြစ်ပြီး ယခင်ကတစ်ခြင်းလျှင် အထိုင်စျေး ကျပ် ၂ သိန်းကျော်သာရှိရာမှ သွေးခုံးသားပေါက်အရနည်းခြင်း၊ စောင့်ဆိုင်းရခြင်းတို့ကြောင့် လက်ရှိတွင် တစ်ဆင့်ခံရောင်းချသူများက ဈေးမြှင့်ရောင်းချနေကြခြင်းဖြစ် သည်ဟု သိရသည်။

    “ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက ဂျင်းသားပေါက် ၂၅ ကီလိုပါ တစ်ခြင်းကို ကျပ် ၂ သိန်းလောက်ပဲ စျေးရခဲ့တာ။ အခုအချိန်မှာတော့ ကျွန်းစုမြို့နယ်ထဲမှာ ဂျင်းသားပေါက် ၂၅ ကီလိုပါ တစ်ခြင်းကို ကျပ် ၄ သိန်းကျော်အထိ ပေါက်စျေးရပြီး စျေးကောင်းနေတယ်”လို့ ဂျင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

       ဂျင်းအရောင်းအဝယ်အနေနှင့်တော့ ဂျင်းသားပေါက် ၁ ကီလိုကို ကျပ် ၁၈၀၀၀ ကနေ ၃၀၀၀၀ လောက်ရရှိပြီး စျေးကွက်ဝင် ဂျင်းအကောင်ကြီး ၁ ကီလိုဆိုရင်တော့ ကျပ် ၆၅၀၀ ခန့်စျေးရကြသည်ဟု သိရသည်။ လက်ရှိတွင် ခုံးကောင်(ဂျင်း) ဈေးကွက်အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ မောတောင် နယ်စပ်ဂိတ်မှတစ်ဆင့် အများဆုံးတင်ပို့ရောင်းချနေသည်ဟု သိရသည်။

Source: https://greenwaymyanmar.com

Category: Local News