Local News

ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ရော်ဘာတန်ချိန် ၂၀၆၀၀ ကျော် တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၁၄၂၅၀ ကျော်ဖြင့် အများဆုံးဖြစ်

Last Updated:

      ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ရော်ဘာတန်ချိန် ၂၀၆၀၀ ကျော်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ချိန် ၁၄၂၅၀ ကျော်ဖြင့် အများဆုံး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

      ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၀၆၀၀ ကျော်တင်ပို့ပြီး ဒေါ်လာ ၂၄ ဒသမ ၁၀၃ သန်းရရှိသည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၂၅၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၄၀ ကျော်၊ ဂျပန်နိုင်ငံသို့ ရော်ဘာတန်ချိန်၄၈၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန်၂၀၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၀ ခန့်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၁၃၈ တန်ခန့် တင်ပို့သည်။

     အဆိုပါကာလအတွင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၂ ဒသမ ၆၀၆ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန်၂၂၉၀ ကျော် တင်ပို့နိုင်သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ စုစုပေါင်း တန်ချိန် ၂၂၉၀၀ ခန့်ရှိပြီး တန်ဖိုးဒေါ်လာ ၂၆ ဒသမ ၇၀၉ သန်း ရရှိသည်။ ယခင်လ ရော်ဘာ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၆၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။

      ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်း တင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်းကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့သည်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်း တင်ပို့မှုမှ ဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိမ်း တင်ပို့မှုမှ ဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ် လာ ၁၈၄ ဒသမ ၆၆၀ သန်း ပိုမိုရရှိခဲ့သည်။

        ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရသည်။

       ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန် ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိ ကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

    မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။

Source: https://news-eleven.com

Category: Local News