Local News

လာမည့် ကြံရာသီတွင် ပြည်တွင်းသကြားစက်များ အနေဖြင့် ကြံဈေးနှုန်းတိုးမြှင့် ဝယ်ယူရန် စီစဉ်နေ

Last Updated:

       ပြည်တွင်းရှိ သကြားစက်ရုံများအ‌နေဖြင့် လာမည့် ၂၀၂၃ - ၂၀၂၄ ကြံရာသီတွင် ကြံစိုက်တောင်သူများထံမှ ဈေးမြှင့်ဝယ်ယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဆန်းပိုင်းမှစ၍ ပြည်တွင်းသကြားဈေးမြင့်တက်ခဲ့သဖြင့် သကြားစက်ရုံများမှ ကြံတစ်တန်လျှင် စက်ရုံအလိုက် ငွေကျပ် ၅၀၀၀ နှင့်အထက် ဝယ်ဈေးမြင့်တက်လာပြီး လာမည့်ဘဏ္ဍာနှစ်တွင် ယခုထက်ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။

      ပြည်တွင်းသကြားစက်များမှ ကြိတ်ဝါးကြံ တစ်တန်ဝယ်ယူမည့် ဈေးနှုန်းများမှာ ငွေရည်ပုလဲသကြားစက်မှ ငွေကျပ် ၉၅,၀၀၀၊ မြဘုရင်သကြားစက်မှ ငွေကျပ် ၁၀၀,၀၀၀၊ မိုင်းရယ် သကြားစက်မှ ငွေကျပ် ၉၅,၀၀၀၊ ဝေမာသကြားစက်မှ ငွေကျပ် ၉၄,၀၀၀ တို့ဖြင့် ဝယ်ယူမည်ဖြစ်ကာ အခြားသကြားစက်များကလည်း ယခင်ထက် ဈေးနှုန်းမြင့်ကာ ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

     ယခုနှစ် ကြံရာသီတွင် မိုးခေါင်သည့်အတွက် အထွက်နှုန်း ၁၀ ရာခိုင်နှုန်း ကျသွားကြောင်း၊ ပြည်တွင်း လိုအပ်ချက် မြင့်လာပြီး သကြားဈေးမြင့်လာသည့်အတွက် စက်ရုံများ၏ ကြံတစ်တန်ဝယ်ဈေး ပိုပေးလာကြ ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။ 

      မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ တစ်ခုတည်းကိုသာ မြန်မာ့သကြား တန်ချိန် (၄) သောင်းခွဲ တင်ပို့ရောင်းချရန် စာချုပ်ချုပ်ဆိုထားပြီး တန်ချိန် (၅၀၀၀) ခန့်သာ တင်ပို့ရသေးကြောင်း သိရသည်။ ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကြံရာသီတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ကသာမြို့တွင် တန် ၁၂၀၀၀ နှင့် တန် ၅၀၀၀ သကြားစက်များ လည်ပတ်နေပြီး လာမည့်နှစ်မှစတင်ကာ ပြည်တွင်းသကြားထုတ်လုပ်မှု မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။ လက်ရှိတွင် ပြည်တွင်းသကြားပေါက်ဈေးမှာ တစ်ပိသာကျပ် ၂,၉၃၀ ပေါက်ဈေးရှိနေပြီး သကြားဈေး ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

Source: Popular News Journal

 

 

Category: Local News