Local News

သကြားစက်ရုံများကလာမည့်ကြံရာသီတွင် ကြံဈေးတိုးမြှင့်ဝယ်ယူမည်

Last Updated:
ရွှေမန်း
 
       ကြံကိုကြိတ်ဝါး၍ သကြားထုတ်လုပ်သည့် သကြားစက်ရုံများက ၂၀၂၃-၂၄ ကြံရာသီတွင် ကြံစိုက်တောင်များ ထံမှ ဈေးမြှင့်ဝယ်ယူမည်ဖြစ်ရာ ဒေသနှင့်စက်ရုံအလိုက် ကြံတစ်တန်လျင် ယခင်နှစ် ကြံဝယ်ဈေးထက် ဈေးပိုပေးလာခြင်းဖြင့် ကြံဈေးမြင့်တက်လာကြောင်းသကြားစက်ရုံထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၂၃ ခုနှစ် ဆန်းပိုင်းမှစ၍ ပြည်တွင်းသကြားဈေး မြင့်တက်ခဲ့သဖြင့် သကြားစက်ရုံများက ကြံတစ်တန်လျင် စက်ရုံအလိုက် ငွေကျပ်  ၅၀၀၀ နှင့် အထက်ဝယ်ဈေးမြင့်လာသည်ဟုဆိုသည်။
 
        “မနှစ်က ရာသီမှာ နောက်ပိုင်းမိုးခေါင်သွားလို့ ကြံအထွက်နှုန်းကခန့်မှန်းရင် ၁၀ရာခ်ိုင်နှုန်းကျော် လျော့သွား တယ်။ပြည်ပကို ကြိုတင်ရောင်းထားတာရော ပြည်တွင်းလိုအပ်ချက် မြင့်လာပြီးသကြား ဈေးမြင့်လာတော့ စက်ရုံတွေရဲ့ ကြံတစ်တန်ဝယ်ဈေးလည်း ပိုပေးလာကြတယ်”  ဟု  မြန်မာနိုင်ငံသကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။ ပြည်တွင်းသကြားစက်များမှ ကြိတ်ဝါးကြံတစ်တန်ဝယ်ယူမည့်ဈေးနှုန်းများမှာ ငွေရည်ပုလဲသကြားစက်မှ ငွေကျပ် ၉၅၀၀၀ ၊မြဘုရင် သကြားစက်မှ ငွေကျပ် ၁၀၀၀၀၀၊ မိုင်းရယ်သကြားစက်မှ ငွေကျပ် ၉၅၀၀၊ ဝေမာသကြားစက်မှ ငွေကျပ် ၉၄၀၀၀ တို့ဖြင့် ဝယ်ယူမည်ဖြစ်ကာ အခြားသကြားစက်များကလည်း ယခင်ထက် ဈေးနုန်းမြင့်ကာ ဝယ်ယူမည်ဖြစ်ကြောင်းသိရသည်။
 
        “ကြံဈေးတက်တယ်ဆိုပေမယ့် ငွေဈေးနဲ့ယှဉ်ရင် အောက်ရောက်နေသေးတယ်။ အသစ်ပြန်စိုက်တော့လည်း စိုက်စရိတ်က မြင့်လာနေတယ်။ စက်တွေက ကြံကိုစောစောကြိတ်ဝါးနိုင်ဖို့ အစကတည်းက ကြံသွင်းပေးခဲ့တဲ့ တောင်သူတွေအတွက် စဉ်းစားပေးစေချင်တယ်”ဟု ကြံစိုက်တောင်သူတစ်ဦးကပြောသည်။
 
      ပြည်ပမှ သကြားတင်သွင်းမှုမရှိတော့၍ ပြည်တွင်းမှ သကြားအသုံးပြုထုတ်လုပ်သည့် စက်ရုံများ၏ဝယ်လိုအား ကြောင့် လိုအပ်ချက်မြင့်မားလာခြင်းဖြင့် ပြီးခဲ့သည့် ၂ နှစ်ကျော်က သကြးတစ်ပိသာ ငွေကျပ်၂၀၀၀ ဝန်းကျင်ရှိ ခဲ့ရာက လက်ရှိတွင် သကြားတစ်ပိသာ ငွေကျပ် ၃၀၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိလာကြောင်းသိရသည်။
 
       “လာမယ့် ကြံရာသီတွင် ကြံစိုက်ပျိုးသူများလာသလို စက်ရုံအသစ်၃ ခုလည်ပတ်တော့မယ်။ ရှမ်းပြည်နယ်မှာ ကြံတန်ချိန် တစ်သောင်းကြိတ်ဝါးမယ့်သကြား စက်ရုံတစ်ရုံ၊စစ်ကိုင်းတိုင်းမှာ ကြံတန်ချိန် ၅၀၀၀ စီကြိတ် ဝါး နိုင်မယ့် သကြားစက်ရုံ အသစ် ၂ ရုံလည်ပတ်မှာဆိုတော့ သကြားထွက်နှုန်းတိုးမယ်”ဦးဝင်းဌေးက ပြောသည်။
 
      သကြားဈေးကောင်းလာခြင်းနှင့် စက်ရုံများတိုးလာသည့်အတွက် ကြံစိုက်ပျိုးဧကများလည်း တိုးလာပြီး စတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊စက်ရုံများမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်းနှင့် ဝယ်ယူမည်ဆိုပါက စိုက်ပျိုးတောင်သူများမှာ စိုက်ပျိုးစရိတ်နှုတ်ပြီး တစ်ဧကလျင် ငွေကျပ်သိန်းဆယ်ဂဏန်းဝန်းကျင် ရနိုင်သည်ဟု သိရ သည်။

       လက်ရှိပြည်တွင်းသကြား စားသုံးမှုနှင့်ထုတ်လုပ်မှုမှာ ကာမိမရှိဘဲ လျော့နည်းနေကြောင်း ပြည်တွင်းသကြားစားသုံးမှုမှာ တန်ချိန် ၅ သိန်းခန့်ရှိပြီး ယခုနှစ်သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅သိန်းအောက် လျော့နည်းတာကြောင့်လည်း သကြားစျေးမြင့်တက်နေခြင်းဖြစ်ကြောင်း သကြားလုပ်ငန်းရှင် တစ်ဦးကပြောသည်။ သို့ဖြစ်၍ ပြည်တွင်းသကြားကို ပြည်ပတင်ပို့မှု ရပ်နားထားသင့်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ မတ် ၁၄ ရက်နေတွင် ပြည်တွင်းသကြားပေါက်စျေးမှာ တစ်ပိသာကျပ် ၂၉၃၀ ပေါက်စျေးရှိနေပြီး သကြားစျေးဆက်လက် မြင့်တက်ဖွယ်ရှိသလို လက်ရှိမှာ ပြည်တွင်းမှသကြားကို ဗီယက်နမ်နိုင်ငံသို့တင်ပို့နေကြောင်း သိရသည်။

Source: မကွေးဂျာနယ်

 

 
Category: Local News