International News

မလေးရှား၏ စားအုန်းဆီတင်ပို့မှု ကျဆင်းပြီး ၁၁ လအတွင်း ကုန်လက်ကျန် အမြင့်ဆုံးရောက်ရှိ

Last Updated:

မလေးရှားနိုင်ငံ၌ စားအုန်းဆီသိုလှောင်မှုသည် စက်တင်ဘာလကုန်တွင် ၁၁ လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ၁၀-၁၀-၂၀၂၃ နေ့တွင် စာရင်းထုတ်ပြန်ခဲ့မှုနှင့်အတူ ဝယ်လိုအားနည်းပါးနေခြင်းအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။

မလေးရှား၏ စားအုန်းဆီလက်ကျန်ပမာဏသည် သြဂုတ်လထက် ၉.၆ ရာခိုင်နှုန်းမြင့်တက်လျက် စက်တင်ဘာလ၌ မက်ထရစ်တန်ချိန် ၂.၃၁ သန်းအထိ ရောက်ရှိခဲ့ရာ ၅ လဆက်တိုက် မြင့်တက်ခြင်းဖြစ်ကြောင်း၊ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် စက်တင်ဘာလတွင် ၄.၃၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁.၈၃သန်း ထွက်ရှိခဲ့ကြောင်း၊ သို့သော် တင်ပို့မှုမှာ တန်ချိန် ၁.၂ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရပါသည်။

ရိုက်တာသတင်းဌာန၏စစ်တမ်း၌မူ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်ပမာဏသည် ၁၂.၀၅ ရာခိုင်နှုန်းမြင့်တက်လျက် တန်ချိန် ၂.၃၈ သန်းခန့်ရှိနိုင်ကြောင်း၊ ထုတ်လုပ်မှုမှာ တန်ချိန် ၁.၈၆ သန်းနှင့် တင်ပို့မှုမှာ တန်ချိန် ၁.၃၂ သန်း ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။

စျေးကွက်ခန့်မှန်းချက်များနှင့်အညီ မလေးရှား၏ စားအုန်းဆီသိုလှောင်မှုပမာဏသည် မြင့် တက်လာခြင်းဖြစ်ပြီး  ဒီဇင်ဘာလအကုန်တွင် လက်ကျန် တန်ချိန် ၂.၅ သန်းအထိ ရောက်ရှိနိုင်ကြောင်း၊ စားအုန်းဆီသည် စျေးနှုန်းသက်သာမှုရှိသော စားသုံးဆီများနှင့် ယှဉ်ပြိုင်နေခဲ့ရကြောင်း မွန်ဘိုင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ စားအုန်းဆီ သုံးစွဲမှု မြင့်မားသည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သိုလှောင်မှုများ မြင့်တက်လာခဲ့ပြီး ၎င်းတို့၏၀ယ်လိုအားမှာ လာမည့်လများအတွင်း အသင့်အတင့်ရှိမည်ဟု ခန့်မှန်းထားကြောင်း အခြားကုန်သည်တစ်ဦးက ပြောဆိုသည်။

သို့သော် မလေးရှားပြည်တွင်း၌မူ ဝယ်လိုအားမြင့်တက်လာကြောင်း၊ MPOB ၏ အချက်အလက်များအရ မလေးရှားနိုင်ငံအတွင်း စားအုန်းဆီသုံးစွဲမှုသည် စက်တင်ဘာလတွင် တန်ချိန် ၄၉၄၀၀၀ ရှိပြီး လအလိုက်နှိုင်းယှဉ်ပါက နှစ်ဆခန့်မြင့်တက်လာခဲ့ကြောင်း မွန်ဘိုင်းမြို့အခြေစိုက် Sunvin Group ၏ သုတေသနအကြီးအကဲ Anilkumar Bagani က ပြောကြားခဲ့သည်။

အယ်လ်နီညိုဖြစ်စဉ်၏ ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေက စားအုန်းဆီ ထုတ်လုပ်မှုကို အကျပ်အတည်းဖြစ်ပေါ်စေလျက်ရှိသော်လည်း လက်ကျန်သိုလှောင်မှု ပမာဏမြင့်တက်လာခဲ့ခြင်းသည် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းကို ကျဆင်းမှု ဖြစ်စေကြောင်း သိရှိရသည်။

Source: The Edge Malaysia, 10 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14262

Category: International News