International News

အင်ဒိုနီးရှားနိုင်ငံ၌ ဈေးနှုန်းများကျဆင်းရေးအတွက် ဆန်ရောင်းလိုအားမြှင့်တင်ရန် အစိုးရကစီစဉ်

Last Updated:

စပါးဈေး မြင့်တက်မှုနှင့် စားသုံးကုန်ဈေးနှုန်းများ မြင့်တက်မှုကို လျော့ချရန်အတွက် အစိုးရအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ဆန်ရောင်းလိုအားအပိုင်းကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ၈-၁၀-၂၀၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

စပါးဈေးနှုန်းများ မြင့်တက်လာမှုအပေါ် လယ်သမားများက ပျော်ရွှင်ကျေနပ်မှုရှိနေသော်လည်း စားသုံးသူများအတွက်မှာမူ မပြေလည်မှုများ ဖြစ်ပေါ်နေသည်ဟု အနောက်ဂျာဗားပြည်နယ်ရှိ ဆူဘန်ဒေသတွင် စပါးရိတ်သိမ်းမှုအား စစ်ဆေးစဉ် သမ္မတ ဂျိုကိုဝီက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အင်ဒိုနီးရှားစာရင်းအင်းဌာန၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအချက်အလက်များအရ ကြိတ်ခွဲရန် အသင့်အခြောက်လှန်းပြီး စပါးဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၇၃၈၆ အင်ဒိုနီးရှားရူပီး (အမေရိကန် ဒေါ်လာ ၀.၄၇) ရှိပြီး သြဂုတ်လ၌ ၁ ကီလိုဂရမ်လျှင် ရူပီး ၆၇၆၀ ဖြစ်ရာ ၉.၃% ဈေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။

လက်ရှိ စပါးဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာမည့်အခြေအနေကို မျှော်မှန်းထားရန် လိုအပ်ကြောင်း၊ ဆန်ဈေးနှုန်းများ ကျဆင်းစေရေးအတွက် ဈေးကွက်အတွင်း ဆန်အမြောက်အမြားကို ပေးသွင်းခြင်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ဂျကာတာမြို့ရှိ Cipinang ဆန်လက်ကားဈေးကွက်တွင် အဆိုပါ နည်းဗျူဟာသည် ဆန်ဈေးနှုန်း ကျဆင်းစေရေးအတွက် ထိရောက်မှုရှိကြောင်း၊ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ဆန်စပါးထုတ်လုပ်မှု လျော့ကျသော်လည်း အရန်ဆန်များ လုံလောက်စွာထားရှိခြင်းကြောင့် ပြဿနာမရှိနိုင်ပါကြောင်း သမ္မတဂျိုကိုဝီက ပြောကြားခဲ့သည်။

Source: Antara News, 8 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14261

Category: International News