International News

တည်ငြိမ်သော ပို့ကုန်မူဝါဒများ ထားရှိဖို့ အာရှစားအုန်းဆီဝယ်သူများက တောင်းဆို

Last Updated:

      စားအုန်းဆီဝယ်လက်များ၏ အဖွဲ့အစည်းဖြစ်သည့် Asian Palm Oil Alliance (APOP) သည် ယမန်နှစ်တွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများတွင် မူဝါဒများပြောင်းလဲမှုများကြောင့် စားအုန်းဆီ ရောင်းဝယ်မှုတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စာအုန်းဆီထုတ်လုပ်သော နိုင်ငံများအား တည်ငြိမ်သော ပို့ကုန်မူဝါဒများ ချမှတ်ရန် လိုလားကြောင်း အဆိုပါအဖွဲ့ အကြီးအကဲက ပြောကြားခဲ့သည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာတို့သည် လက်ရှိ APOP အဖွဲ့ဝင်များဖြစ်သည်။ အာရှ စားအုန်းဆီ မဟာမိတ်အဖွဲ့သည် ၀ယ်လက်နိုင်ငံများ ပိုမိုပါဝင်ကြစေလိုကြောင်း APOP ဥက္ကဋ္ဌ Atul Chaturvedi က  ကွာလာလမ်ပူတွင်ပြုလုပ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

     တင်သွင်းသည့်နိုင်ငံများသည် စားအုန်းဆီကြမ်းများ သန့်စင်ရန် စက်ရုံများတည်ဆောက်ကာ လုပ်ကိုင်လျက် ရှိကြသည်။ သို့သော် စားအုန်းဆီကြမ်းကို ဆီသန့်စင်ထက် ပို့ကုန်ခွန် ပိုမို စည်းကြပ်ထားသည်။ သန့်စင်ပြီး စားအုန်းဆီဝယ်ယူခြင်းသည် စားအုန်းဆီကြမ်းအဆင့်ဝယ်ယူခြင်းထက် စျေးသက်သာနေစေသည် ဟု Chaturvedi က ပြောသည်။

     “စားအုန်းဆီကြမ်းအပေါ် အခွန်ပိုမြှင်ထားတာကြောင့် တင်သွင်းတဲ့နိုင်ငံတွေမှာ စားအုန်းဆီ သန့်စင် တဲ့ စက်ရုံတွေကို ရပ်နားထားရတယ်။ စားအုန်းဆီတင်ပို့တဲ့ နိုင်ငံတွေက ဝယ်သူများကို ထိခိုက်စေတဲ့ ဈေးနှုန်း သတ်မှတ်ပုံကို စဉ်းစားသုံးသပ်ပေးဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ အင်ဒိုနီးရှားမှ ချမှတ်ထား သောပို့ကုန်များကို ရုတ်တရက် တားမြစ်ခြင်းကဲ့သို့သော ပို့ကုန်မူဝါဒများ ရုတ်တရက်ပြောင်းလဲမှုသည် သွင်းကုန်နိုင်ငံများရှိ ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ပေးရုံသာမက အင်ဒိုနီးရှားနိုင်ငံမှ စိုက်ခင်းလုပ်ကိုင်သူများ၊ စားအုန်းဆီ ထုတ်လုပ်သူများကိုပါ ထိခိုက်စေသည်ဟု အိန္ဒိယ လူသုံးကုန်ပစ္စည်း ကုမ္ပဏီ Godrej International ၏ ဒါရိုက်တာ Dorab Mistry  က ပြောကြားသည်။ 

   ကမ္ဘာ့စားအုန်းဆီ တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ယမန်နှစ်တွင် စားအုန်းဆီ တင်ပို့မှုကို ရုတ်ရက် လုံးဝပိတ်ပင်လိုက်သဖြင့် ပြည်ပဝယ်လက်များကို အံ့အားသင့်စေခဲ့သည်။ ဝယ်လက် များသည်  ပြိုင်ဘက်မလေးရှားထံမှ စံချိန်တင်မြင့်မားသောစျေးနှုန်းဖြင့် စားအုန်းဆီကြမ်းကို ဝယ်ယူခဲ့ကြ ရသည်။  ပဲပုပ်ဆီနှင့် နေဆီကဲ့သို့သော အခြားဟင်းချက်ဆီများကို အစားထိုး ဝယ်ယူခဲ့ကြရသည်။  

Reuters

Source: https://www.foodindustrydirectory.com.mm

 

Category: International News