International News

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေးအတွက် ထိုင်း PTT ဒေါ်လာ ၂.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံ

Last Updated:

      ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချရေးဆီသို့ ကူးပြောင်းရန် PTT သည် သဘာဝဓာတ်ငွေ့ ကိုစွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုနေသည်။ PTT သည် ထိုင်းနိုင်ငံ၏ စွမ်းအင်ဈေးကွက်တွင် ကြီးမားသော အခန်းကဏ္ဍဖြင့် နေရာယူထားသည်။ ထိုင်းနိုင်ငံ၏နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT Group သည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မည့် စီးပွားရေးပုံစံသို့ ကူးပြောင်းရောက်ရှိရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ PTT ၏ ဗျူဟာမြောက် ပြောင်းလဲမှုသည် ထိုင်းအစိုးရ၏ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်အတွက် မရှိမဖြစ် လိုအပ်ပါသည်။

       သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်သွင်းရေးစခန်းများ တိုးမြှင့်ခြင်းနှင့် လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် ပါဝင်ရန်အတွက် လာမည့်ငါးနှစ်အတွင်း ဘတ်ငွေ ၁၀၀ ဘီလီယံ (ဒေါ်လာ ၂.၈၆ ဘီလီယံ) သုံးစွဲမည့် အစီအစဉ်ကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ ၂၀၂၃-၂၀၂၇ ငါးနှစ်တာ ကာလတွင် စီစဉ်ထားသော ရင်းနှီးမြုပ်နှံမှု၏ ၅၀% ကျော်ကို ဓာတ်ငွေ့ပိုက်လိုင်းများနှင့် ဓာတ်ငွေ့ တင်သွင်းရေးစခန်းများကဲ့သို့သော LNG ဆိုင်ရာ စီမံကိန်းများတွင် သုံးစွဲမည်ဖြစ်သည်။

       သဘာဝဓာတ်ငွေ့ကို လောင်ကျွမ်းစေပြီး အပူကို ရယူသည့်အခါ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်သည့် ပမာဏသည် ရေနံ နှင့် ကျောက်မီးသွေးတို့ သုံးစွဲသည်ထက် လျော့နည်းပါသည်။ PTT သည် ထိုင်ဝမ်မှ Foxconn နှင့် ဖက်စပ်လုပ်ကိုင်သည့် Horizon Plus  စက်ရုံတွင် အီးဗီထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ် တွင် စတင်ရန် မျှော်မှန်းထားသည်။ ၂၀၃၀ တွင် အီးဗီ အစီးရေ ၁ သိန်းခွဲ မှ ၂ သိန်းအထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်း ထားသည်။ ထို့ပြင် ၂၀၃၀ တွင် အီးဗီအားသွင်းရုံ ခုရေ ၇,၀၀၀ တည်ဆောက်ရန် အစီအစဉ် ရှိသည်။

     ထို့အပြင် PTT သည် မျိုးဆက်သစ် စွမ်းအင်အရင်းအမြစ်အဖြစ် ဟိုက်ဒရိုဂျင်ကို စတင်ထုတ်လုပ် တော့မည် ဖြစ်သည်။ ဆော်ဒီအာရေးဗီးယားအစိုးရနှင့် ပူးပေါင်း၍ “အစိမ်းရောင်” ဟိုက်ဒရိုဂျင် ထုတ်လုပ်ရန် စီစဉ်ထားသည်။ ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လုံးဝမရှိအောင် လုပ်ဆောင်မည် ဖြစ်သည်။ PTT သည် ကျောက်မီးသွေး လုပ်ငန်းကဏ္ဍကို လုံးဝမလုပ်ကိုင်တော့ချေ။ ကျောက်မီးသွေးတွင်း လုပ်ငန်း PTT Mining ကို အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ PT Astrindo Nusantara Infrastruktur ထံ ရောင်းချခဲ့ပါသည်။

       PTT ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Auttapol Rerkpiboon က ဝယ်ယူတင်သွင်းသည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်တက်သဖြင့် အမြတ်များ ကျဆင်းသွားကြောင်း ပြောကြားသည် PTT သည် ၎င်း၏ ရည်မှန်းချက်ကြီးသော စွမ်းအင်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်မည် ဆိုသည်မှာ မရေမရာ ဖြစ်နေသည်။ ထိုင်းနိုင်ငံရှိ ဓာတ်ငွေ့သိုက်များ ကုန်ခမ်းသွားတော့မည့် အရေးရှိနေသည်။ ကုမ္ပဏီသည် ပြင်ပမှ ပေးသွင်းသူများထံမှ သဘာဝဓာတ်ငွေ့ကို တင်သွင်းဖို့ အရေးတကြီး ရှာဖွေရန် လိုအပ်‌နေသည်။

    မြန်မာနိုင်ငံမှ ကြီးမားသော ဓာတ်ငွေ့စီမံကိန်း ရပ်ထားရသည်။ ဖေဖော်ဝါရီလတွင် ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် စီမံကိန်းကြီးတစ်ခုကို ရွှေ့ဆိုင်းကြောင်း ကြေညာခဲ့သည်။ ၎င်းစီမံကိန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ပါဝင်ပြီး ကန်ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်း ဖြစ်သည်။ ယခင်က M3 Block ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို တူးဖော်ဖို့ သဘော တူညီချက် ရရှိခဲ့သည်။ PTT က အပြည့်အဝ ပိုင်ဆိုင်သည့် စီမံကိန်း ဖြစ်သည်။ သဘာဝဓာတ်ငွေ့ဖြင့် အပူပေးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စက်ရုံများ တည်ဆောက်ခြင်းနှင့် လုပ်ငန်းလည်ပတ်ခြင်းတို့ ပါဝင်သည့် စီမံကိန်းဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများထံသို့ အသိပေး ကြေညာချက်တွင် PTT က “မြန်မာပြည်တွင်း အခြေအနေကြောင့် စီမံကိန်းနှောင့်နှေးမည်” ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင်ကုမ္ပဏီတစ်ခု အနေဖြင့် PTT သည် ထိုင်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များကို ပြည့်မီစေရန်အတွက် ထောက်ပံ့ရေး ကွင်းဆက်အသစ်များ ရှာဖွေ တည်ဆောက်ရန် လိုအပ်‌နေပါသည်။

Source Asia Nikkei 

Source: https://www.industrialdirectory.com.mm/article/-ptt-lng-evs-hydrogen.html

Category: International News