လက်ရှိတွင် ရုရှား-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုမညီမျှမှုရှိနေသောကြောင့် ရုရှားနိုင်ငံသည် အိန္ဒိယမှ တင်သွင်းမှုများကို တိုးမြှင့်ရန် မျှော်လင့်ထားကြောင်း၊ ရုရှားသည် အိန္ဒိယထံ ဝယ်ယူမှုထက် ရောင်းချခြင်းက ပိုများကြောင်း၊ အိန္ဒိယမိတ်ဖက်များသည် အဆိုပါအချက်ကို စိုးရိမ်နေကြကြောင်း၊ ရုရှားအနေဖြင့် အိန္ဒိယမှ သွင်းကုန်များကို တိုးမြှင့်ရန်အခွင့်အလမ်းများကို ပူးပေါင်းရှာဖွေနေကြောင်း ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Mr. Dmitry Peskov က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသမ္မတ၏ နယူးဒေလီသို့လာမည့်ခရီးစဥ်အတွင်း ရုရှား-အိန္ဒိယဖိုရမ်တစ်ခု ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်အတွင်း အိန္ဒိယမှ ရုရှားနိုင်ငံသို့ သွင်းကုန်များတိုးမြှင့်တင်သွင်းနိုင်ရေးအခွင့်အလမ်းများကို ဆွေးနွေးရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ရေနံတင်သွင်းမှုတွင် ရုရှားရေနံ၏ ဈေးကွက်ဝေစုသည် ၄၅ ရာခိုင်နှုန်းကျော်ရှိသည်။ ရုရှားမှ နေကြာဆီတင်သွင်းမှုတွင် အိန္ဒိယသွင်းကုန်၏ ၅၁ ရာခိုင်နှုန်း၊ ဓာတ်မြေသြဇာတင်သွင်းမှု ၂၁ ရာခိုင်နှုန်း၊ ပဲမျိုးစုံ ၁၀ ရာခိုင်နှုန်းနှင့် ပဲပုပ်စေ့ဆီ ၅.၈ ရာခိုင်နှုန်း စသဖြင့် ကဏ္ဍများတွင် ရုရှားသည် ဦးဆောင်နေရာ၌ ရှိနေသည်။
အိန္ဒိယမှ ရုရှားသို့ အဓိကတင်ပို့သော ကုန်စည်များမှာ စိုက်ပျိုးရေးထွက်ကုန်များ၊ ဆေးဝါးများနှင့် ကုန်ကြမ်းပစ္စည်းများ၊ အပေါ့စားစက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် အစိတ်အပိုင်းများဖြစ်ပြီး ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်သာရှိသည်။
ရုရှားနှင့် အိန္ဒိယကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၆ ဘီလီယံရှိခဲ့ရာမှ ရုရှားမှ အိန္ဒိယသို့ ပို့ကုန်ပမာဏတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံခန့်ရှိကြောင်း သိရသည်။
ရုရှား-အိန္ဒိယစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တတိယနိုင်ငံလွှမ်းမိုးမှုမှ ကာကွယ်နိုင်ရန် ငွေပေးချေမှုအားလုံးနီးပါးကို နိုင်ငံသုံးငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိသည်။
Source : https://www.kommersant.ru/doc/8249563
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)