၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်း လေစွမ်းအင်ဆိုင်ရာညီလာခံများနှင့် ပြပွဲများပြုလုပ်ရန် နားလည်မှုစာချွန်လွှာကို DN Media Group AS (RECHARGE) ၊ Hamburg Messeund Congress GmbH(HMC)၊ Enterprise Singapore(EnterpriseSG)နှင့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့(Singapore Tourism Board - STB)တို့လက်မှတ်ရေးထိုးခဲ့ပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ Enterprise Singapore နှင့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့တို့သည် စင်ကာပူနိုင်ငံ၌ ၂၀၂၆ ခုနှစ်တွင် WindEnergy Hamburg က ဦးစီးကျင်းပပြုလုပ်မည့် RECHARGE Wind Power Summit Asia-Pacific နှင့် ၂၀၂၇ ခုနှစ်နှင့် ၂၀၂၉ ခုနှစ် တို့တွင် RECHARGE က ဦးစီးပြုလုပ်မည့် WindEnergy Asia-Pacific တို့ကို ကူညီထောက်ပံ့ပေးမည်ဖြစ်ပါသည်။
အာရှ-ပစိဖိတ်ဒေသ၌ လေစွမ်းအင်သည် စွမ်းအင်ကဏ္ဍတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခုဖြစ်ပြီး လေတိုက်နှုန်းအရင်းအမြစ်များရှိသည့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား နှင့် ဗီယက်နမ်စသည့်နိုင်ငံများသည် လေစွမ်းအင်ကို အဓိကထား၍ ဖြစ်မြောက်နိုင်စွမ်းတိုင်းတာမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ အာရှ - ပစိဖိတ်ဒေသသည် Global Offshore Wind Report 2025 အရ လေမှ လျှပ်စစ်ဓာတ်အား ၆၀၇.၅ ဂစ်ဂါဝပ်ထုတ်လုပ်နိုင်ပြီး အကြီးဆုံးလေစွမ်းအင်ဈေးကွက်ရှိပါသည်။ ကမ်းလွန်လေအားလျှပ်စစ်မှလည်း အာရှ - ပစိဖိတ်ဒေသတွင်း၏ လျှပ်စစ်ဓာတ်အား ဝယ်လိုအားကို ဖြည့်တင်းနိုင်မည်ဖြစ်ပါသည်။ ၂၀၃၄ ခုနှစ်တွင် အသစ်အနေဖြင့် ကမ်းလွန်လေအားလျှပ်စစ်ဓာတ်အား ၅၀ ဂစ်ဂါဝပ်ရရှိရန် မျှော်မှန်းထားပါသည်။ အဆိုပါပမာဏမှာ ကမ္ဘာ့ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု၏ ၆၀ ရာခိုင်နှုန်းကျော်ဖြစ်ပါသည်။
အာရှ - ပစိဖိတ်ဒေသ၏ အလားအလာရှိသည့် လေစွမ်းအင်အသုံးချနိုင်ရေးအတွက်အစိုးရများ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များအကြား ဆွေးနွေးမှုများ၊ အလေ့အကျင့်ကောင်းများဝေမျှခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရေးတိုက်တွန်းအားပေးရန် လိုအပ်ပါသည်။ စင်ကာပူနိုင်ငံတွင်ပြုလုပ်မည့် WindEnergy Asia-Pacific နှင့် RECHARGE Wind Power Summit Asia-Pacific တို့သည် အာရှ -ပစိဖိတ်ဒေသတွင် ကုန်းတွင်းနှင့်ကမ်းလွန်လေအား လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် အခွင့် အလမ်းများဖန်တီးနိုင်ရန် စင်္ကြံတစ်ခုဖြစ်ပါသည်။
Enterprise Singapore ၏ကုန်ထုတ်လုပ်မှုအတွက် လက်ထောက်စီမံခန့်ခွဲမှုဒါရိုက်တာ Mr. Soh Leng Wan က “စင်ကာပူနိုင်ငံသည် ဒေသတွင်း၏ သန့်ရှင်းသောစွမ်းအင်သို့ အသွင်ကူးပြောင်းရေးတွင် အရေးပါသည့် အာရှ-ပစိဖိတ်ကမ်းလွန်လေအားလျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဦးဆောင်၍ ဆောင်ရွက်ရန်ကတိကဝတ်ပြုကြောင်း၊ တီထွင်ဆန်းသစ်မှု၊ စံနှုန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်ထောက်ပံ့မှုကွင်းဆက်ကောင်းမွန်စေခြင်းဖြင့် လေအားလျှပ်စစ်စွမ်းအင်ကဏ္ဍကို အားပေးလျက်ရှိကြောင်း၊ စင်ကာပူနိုင်ငံတွင် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်းပြုလုပ်မည့် လေစွမ်းအင်ဆိုင်ရာညီလာခံများနှင့် ပြပွဲများမှာ သက်ဆိုင် ရာမိတ်ဖက်လုပ်ငန်းရှင်များနှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်ရန် စင်္ကြံတစ်ခုဖြစ်စေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့လေစွမ်းအင်ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသူများကိုလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ရန်ကြိုဆိုကြောင်း” ပြောကြားခဲ့ပါသည်။
စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ ပြပွဲများနှင့်ညီလာခံများဆိုင်ရာ အမှုဆောင်ဒါရိုက်တာ Mr. Poh Chi Chuan က “စင်ကာပူနိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဖွဲ့အစည်းများ အာရှ - ပစိဖိတ်ဒေသသို့ ဝင်ရောက်နိုင်ရေးအတွက် အရေးကြီးသည့် ဝင်ပေါက်တစ်ခုအဖြစ်ရှိနေကြောင်း၊ စင်ကာပူနိုင်ငံတွင် လေစွမ်းအင်ဆိုင်ရာပြပွဲများ လက်ခံကျင်းပခြင်းသည် ရေရှည်တည်တံ့သည့် ဦးဆောင်မြို့ပြအဖြစ် စင်ကာပူနိုင်ငံ၏ တည်ရှိမှုကို ပေါ်လွင်စေပြီး ကမ္ဘာ့ရေရှည်တည်တံ့မှုအတွက် အားထုတ်မှုကိုလည်း အားပေးခြင်းဖြစ်ကြောင်း၊ ကမ္ဘာအရပ်ရပ်မှ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍမှ ဦးဆောင်သူများ စင်ကာပူနိုင်ငံသို့ လာရောက်ကြရန်ကြိုဆိုကြောင်း၊ ကမ်းလွန်လေစွမ်းအင်တိုးတက်သည့် အနာဂတ်ကို ပုံဖော်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံသည် ၎င်း၏လျှပ်စစ်ဓာတ်အားဖူလုံရေးအတွက် ရေအားလျှပ်စစ်၊ လေအားလျှစ်စစ်သုံးစွဲမှုကို ပိုမိုအလေးပေးဆောင်ရွက်လျက်ရှိပြီး ကမ္ဘာအရပ်ရပ်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍရှိ ဦးဆောင်သူ များ လာရောက်စုစည်းလာစေရေး ဆောင်ရွက်ခြင်းဖြစ်ပါသည်။
ရင်းမြစ်။ Enterprise Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)