(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့ (မတ်လ ၂၁) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ယနေ့(မတ်လ ၂၁)ရက်နေ့ ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲအနက် ကျောက်စိမ်းအတွဲ အမှတ် (၁) မှ ၇၅၀ အထိ ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၇၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။ ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်း အတွဲပေါင်း ၂၁၅၀ တွဲအနက် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ ၁၅၀၀ အထိကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်း ကြသည်။
ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ ၁၅၀၀ အထိ တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက ညနေ ၃ နာရီတွင် ပိတ်သိမ်းပြီး တင်ဒါပုံးများကို ဖွင့်ဖောက်စစ်ဆေးကာ မတ် ၂၂ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက် အတွဲပေါင်း ၁၂၀ ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကို လည်းကောင်း ရောင်းချပေးနိုင် ခဲ့သည်။
ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိရာ လာရောက်လေ့လာ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။ ယခုကျင်းပ သည့် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပနေခြင်း ဖြစ်သည်။
Source: https://myawady.net.mm