International News

ကမ္ဘာ့အကောင်းဆုံးဆန်ဆု (၅) ကြိမ်ရ ကမ္ဘောဒီးယားဆန် Phka Rumduol ဆိုတာ

Last Updated:

     ကမ္ဘောဒီးယားဆန် Phka Rumduol ဟာ ကမ္ဘာ့ဆန်ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံး ဆန်ဆုကိုရတာ ၅ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ်လည်း ပူပူနွေးနွေး ဆုရထားတာပါ။ Phka Rumduol ဟာ ဆန်စရှည်သွယ်ဂျက်စမင်အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ဆန် ဝယ်ယူစားသုံးသူတွေရဲ့ ထိပ်တန်းရွေးချယ်မှုတွေထဲကတစ်ခုဖြစ်နေတာပါ။ ဒီဆန်ဟာ ကမ္ဘောဒီးယားရဲ့ ပြည်ပတင်ပို့ရနံ့မွှေးဆန်အမျိုးအစား ‘ Angkor Malys’ ဆန်အမျိုးအစားတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ 

   ဒီဆန်အမျိုးအစားကို ၁၀ နှစ်ကြာ တိုးတက်ဖွံ့ဖြိုးမှုစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီး ၁၉၉၉ ခုနှစ်မှာ တောင်သူသီးသန့်အသုံးပြုဖို့ ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယားစိုက်ပျိုးရေးနှင့် သုတေသန အဖွဲ့အစည်းက ဆိုပါတယ်။ သူ့ရဲ့စားသုံးမှုအရည်အသွေးအနေနဲ့တော့ ထမင်းစရှည်၊ ရနံ့မွှေးပြီး ရေစုပ်ယူမှု ကောင်း(အိုးတက်)တယ်လို့ ဆိုပါတယ်။ စားသုံးသူအကြိုက်ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ဈေးနှုန်းအနေနဲ့ တော့ကမ္ဘောဒီးယားပြည်တွင်း ဈေးတွေမှာ ၂ ကီလိုတစ်အိတ်(၁ ပြည်ခန့်) ကို ၃ ဒေါ်လာ (မြန်မာကျပ်ငွေ ၈၅၀၀ ခန့်) ရှိတယ်လို့ သိရပါတယ်။

       Phka Rumduol ဆန်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ၂၀၁၂ ကနေ ၂၀၁၄ အထိ ၃ နှစ် ဆက်တိုက် ရရှိခဲ့တာပါ။ (၂၀၁၃ နဲ့ ၂၀၁၄ တွေမှာတော့ အမေရိကန်ဆန် US Calrose နဲ့ ထိုင်းဆန် Thai Hom Mali ဆန်တို့နဲ့ ပူးတွဲဆုရခဲ့တာပါ)။ အဲ့ဒီနောက် ၂၀၁၅ ကနေ ၂၀၁၇ အထိမှာတော့ ဒုတိယအကောင်းဆုံး ဆန်အဖြစ် သုံးနှစ်ဆက်တိုက် ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၁၈ မှာ အကောင်းဆုံးဆုကို ပြန်ရခဲ့တာပါ။ အခု ၂၀၂၂ ခုနှစ်မှာတော့ ၅ ကြိမ်မြောက် အကောင်းဆုံးဆုကို ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ 

    “ဒီဆန်ရဲ့ ဂုဏ်သတင်းကျော်စောမှုက ကမ္ဘောဒီးယားဆန်အရည်အသွေးကို ဆက်လက်တိုးမြှင့်စေဖို့ ကူညီပေးသွားနိုင်မှာပါ” လို့ ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ်ဒုဥက္ကဌက ပြောထားပါတယ်။ ကမ္ဘာ့ဆန် ညီလာခံကပေးတဲ့ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို မြန်မာ့ဆန်အမျိုးအစား ရွှေဘိုပေါ်ဆန်းလည်း ၂၀၁၁ ခုနှစ် ကရရှိဖူးတယ်လို့ သိရပါတယ်။

Source: https://greenwaymyanmar.com

Category: International News