Local News

ပြည်တွင်းမတ်ပဲအထွက်နှုန်းကျ ဈေးပြန်တက်လာမှုအခြေအနေ

Last Updated:

      ဖေဖော်ဝါရီလ ပထမသီတင်းပတ်အထိ မတ်ပဲဈေးတစ်တင်းလျှင် ၆၀၀၀၀ ကျပ်အောက် ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ တတိယသီတင်းပတ်တွင် ဈေးပြန်တက်လာသော်လည်း တစ်တင်းလျှင် ကျပ် ၂၀၀၀ ဝန်းကျင်သာ ဈေးတက်လာကာ ယခုမတ်လ ဒုတိယသီတင်းပတ်မှ စတင်၍ မတ်ပဲဈေး ပိုမိုမြင့်တက်လာကြောင်း ပဲကုန်စည်ဒိုင်များ၏ ဈေးနှုန်း ထုတ်ပြန်ချက် များအရ သိရှိရသည်။

        ဧရာဝတီတိုင်းဒေသကြီး၏ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ မတ်လ ၁၀ ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၆၂၉၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၆၃၈၀၀၊ ၁၂ ရက်နေ့တွင် ကျပ် ၆၃၆၀၀၊ ၁၃ ရက်နေ့တွင် ၆၃၅၀၀၊ ၁၄ ရက်နေ့တွင် ကျပ် ၆၃၆၀၀၊ ၁၅ ရက်နေ့တွင် ကျပ် ၆၄၆၀၀၊ ၁၆ ရက်နေ့တွင် ကျပ် ၆၅၀၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

     အိမ်နီးချင်းဝယ်လက်နိုင်ငံမှ မြန်မာမတ်ပဲအထွက်နှုန်းတန်ချိန် ၆.၅ သိန်းခန့်ရှိမည်ဟု ခန့်မှန်း သော်လည်း ယခုနှစ် မြန်မာမတ်ပဲ စိုက်ဧကကျဆင်းခြင်း၊ ပိုးကျခြင်း၊ အထွက်နှုန်း ကျဆင်းခြင်းတို့ကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် အထွက်နှုန်း ထက်ဝက်လျော့ကျနိုင်ကြောင်း မတ်ပဲစိုက်တောင်သူများကဆိုသည်။ ထို့ပြင် စိုက်စရိတ်သွင်းအားစုစရိတ်များ ကြီးမြင့်မှုကြောင့် မတ်ပဲ တစ်တင်းဈေးကျပ် ၆၀၀၀၀ နှင့် ၇၀၀၀၀ ကြားရရှိမှသာ တောင်သူ အကျိုးအမြတ်ရှိနိုင်ကြောင်း သိရှိရသည်။

         အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးနှုန်းလည်း အနည်းငယ် မြင့်တက်လာနေပြီး ဝယ်လိုအား ပုံမှန်ရှိကြောင်း၊ ဖေဖော်ဝါရီလအတွင်း မြန်မာမတ်ပဲတန်ချိန် ၃၅၀၀၀ တင်သွင်းခဲ့ကြောင်း၊ မတ်လ အတွင်း မတ်ပဲတန်ချိန် ၂၈၀၀၀-၃၀၀၀၀ ခန့် တင်သွင်းနိုင်မည်ဟု မျှော်လင့်ကြောင်း၊ လက်ရှိတွင် မြန်မာမတ်ပဲဈေး တက်လာနေပြီး မြန်မာဘက်မှ မတ်ပဲတင်ပို့သူများက တင်ပို့နိုင်မှုအားနည်းနေ ကြောင်း ဧပြီလအတွင်း မြန်မာမတ်ပဲ တင်ပို့မှုမြင့်တက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း၊ အိန္ဒိယ နိုင်ငံ၏ ပဲလက်ကျန်အခြေအနေအရ မတ်ပဲဈေးကောင်းနေမည်ဖြစ်ပြီး ဩဂုတ်လအထိ ချနိုင်းမတ်ပဲ SQ ဈေးနှုန်းတစ်ကွမ်တယ်လျှင် Rs 8500-9000 ဖြစ်နိုင်ကြောင်း Agri World Mumbai က သုံးသပ် ထားသည်။

 

                                                                                                                                                                                              ဧရာကုန်သွယ်မှုဗဟိုဌာန

Category: Local News