International News

ဂျပန်နိုင်ငံတွင် ဆန်လက်ငင်းရောင်းဝယ်မှု အွန်လိုင်းဈေးကွက် ဖွင့်လှစ်

Last Updated:

ဂျပန်နိုင်ငံ၌ ရောင်းလိုအားနှင့် ဝယ်လိုအားတို့အပေါ် အခြေခံ၍ ဆန်ဈေးနှုန်းများကို ပိုမိုပွင့်လင်းစွာ သတ်မှတ်နိုင်ရန် ရည်ရွယ်လျက် အင်တာနက်စင်္ကြန်မှတစ်ဆင့် ဆန်လက်ငင်းရောင်းဝယ်မှု ဈေးကွက်တစ်ရပ်ကိုဖွင့်လှစ်ခဲ့ရာ နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်များ ဝယ်ယူရောင်းချခြင်းကို ပိုမိုချောမွေ့လာစေမည်ဖြစ်ကြောင်း သိရှိရသည်။

အနာဂတ်ဆန်ဈေးကွက် (Mirai Rice Market) ဟုခေါ်ဆိုသော အဆိုပါ ရောင်းဝယ်မှု စင်္ကြန်ကို ထူထောင်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ ဉာဏ်ကြီးရှင်အဖွဲ့အစည်းများနှင့် ဆန်လက်ကားရောင်းချသူများက ရန်ပုံငွေအများအပြား ထောက်ပံ့ပေးခဲ့သည်။ ဆန်စပါးထုတ်လုပ်သူများသည် ၎င်းတို့၏ အလိုရှိသောစျေးနှုန်းများဖြင့် ရောင်းချမည့်ပမာဏတို့ကို ကမ်းလှမ်းနိုင်ပြီး သတ်မှတ်အချိန်ကာလတစ်ရပ်အတွင်း ၎င်းတို့၏ထုတ်ကုန်ကို အမြင့်ဆုံးဈေးနှုန်း ပေးအပ်များထံ လေလံတင် ရောင်းချနိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် လက်ရှိကာလအထိ ဆန်ဈေးနှုန်းများ သတ်မှတ်ခြင်းကို လယ်သမားများကို ကိုယ်စားပြုသော စိုက်ပျိုးရေးဆိုင်ရာ သမဝါယမအသင်းများနှင့် ဝယ်ယူသူများအကြား ညှိနှိုင်းမှုဖြင့်သာ ဆောင်ရွက်ခဲ့သည်။ သို့ဖြစ်ရာ ဆန်အတွက် စံဈေးနှုန်းများ သတ်မှတ်ရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး လယ်သမားများအနေဖြင့် ဈေးကွက်ဝယ်လိုအားကို ခန့်မှန်းအကဲဖြတ်ခွင့် ရရှိစေမည့် လက်ငင်းရောင်းဝယ်သည့် ဈေးကွက်တစ်ခု လိုအပ်ကြောင်း ဝေဖန်ထောက်ပြသူများက ပြောကြားထားခဲ့သည်။

Mirai Rice Market ၏ ဥက္ကဌဖြစ်သူ Orikasa Shunsuke က ဆန်၏ ထပ်တိုးတန်ဖိုး၊ လယ်သမားများ၏ ထုတ်လုပ်မှုအခက်အခဲများနှင့် ကုန်ကျစရိတ်များသည် အရောင်းအဝယ်ပြုသည့် ဈေးနှုန်းများ၌ ပါဝင်လျက်ရှိကြောင်းကို ထင်ဟပ်စေမည့် ပွင့်လင်းပြီး မျှတမှုရှိသော စျေးကွက်တစ်ရပ်အား ဖန်တီးရန် လယ်သမားများက လိုလားမှုရှိသည်ဟု ပြောကြားခဲ့သည်။ ဆန်ရောင်းဝယ်မှုစင်္ကြန်မှတစ်ဆင့် ပထမနှစ်အတွင်း ဆန်တန်ချိန် ၂၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ် ပေါ်ရန်နှင့် ၅ နှစ်အတွင်း ၅ ဆအထိ မြင့်တက်လာရန် ၎င်းကမျှော်လင့်ထားသည်။

အဆိုပါ ဆန်ရောင်းဝယ်မှုစင်္ကြန် စီမံကိန်းကို ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက ကျောထောက်နောက်ခံပြုထားပြီး ယခုနှစ်ကုန်တွင် အခြားသော ဆန်စပါးလက်ငင်းဈေးကွက်တစ်ခုကို ထပ်မံဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရကြောင်း NHK သတင်းဌာနက ဖော်ပြပါသည်။

Source: NHK World - Japan News, 16 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14465

Category: International News