International News

ထိုင်းအချိုရည် အခွန်တိုးမြှင့်စည်းကြပ်

Last Updated:

     ထိုင်းအစိုးရက ခြောက်လကြာ ရွှေ့ဆိုင်းထားမှု သက်တမ်းကုန်ဆုံးပြီးနောက်တွင် သကြားပါသော အချိုရည်များ အခွန်တိုးကောက်ခြင်း တတိယအဆင့်သည် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။ ထိုင်းအချိုရည် ထုတ်လုပ်သူများတွင် အချိုရည်တွင် သကြားပါဝင်မှုကို ကြိုတင်လျှော့ချထားကြသဖြင့် အချိုရည်တွင် သကြားပါဝင်မှုအပေါ်အခြေခံ၍ အခွန်တိုးမြှင့် စည်းကြပ်ခြင်းသည် သကြားပါသော အချိုရည် ထုတ်လုပ်သူများ နှင့် သောက်သုံးသူများအတွက် ကုန်ကျစရိတ်တိုးမည်မဟုတ်ဟု ယူဆကြောင်း အခွန်ဌာနမှ ပြောကြားသည်။

        ၎င်းအခွန် တတိယအဆင့်သည် ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ အထိ အကျုံးဝင်ပါသည်။ သကြားပါသော အချိုရည်များ အခွန်တိုးကောက်ခြင်းအတွက် အဖျော်ယမကာ ၁၀၀ မီလီလီတာတွင် သကြားပါဝင်မှုကို အဆင့် ခြောက်ဆင့် ခွဲခြားထားပါသည်။ ၆ ဂရမ်အောက်၊ ၆-၈ ဂရမ်၊ ၈-၁၀ ဂရမ်၊ ၁၀-၁၄ ဂရမ်၊ ၁၄-၁၈ ဂရမ်၊ ၁၈ ဂရမ် အထက်တို့ ဖြစ်ပါသည်။ သကြားပါဝင်မှု ၆ ဂရမ်ထက် နည်းပါက ၎င်းအခွန် ကင်းလွတ်ခွင့် ရရှိသည်။

           အဖျော်ယမကာ ၁ လီတာအပေါ် စည်းကြပ်မည့် အခွန်ပမာဏမှာ အဖျော်ယမကာ ၁၀၀ မီလီလီတာ သကြားပါဝင်မှု ၆-၈ ဂရမ်ကို  ၀.၃၀ ဘတ်၊ ၈-၁၀ ဂရမ်ကို ၁ ဘတ်၊ ၁၀-၁၄ ဂရမ်ကို ၃ ဘတ်၊ ၁၄-၁၈ ဂရမ်ကို ၅ ဘတ်၊ ၁၈ ဂရမ် အထက်ကို ၆ ဘတ် ဖြစ်ပါသည်။ စားသောက်ကုန်တွင် ဆားပါဝင်မှုအရလည်း အခွန်စည်းကြပ်မည့် အစီအစဉ် ရှိသော်လည်း စတင်မည့်အချိန်ကို မသိနိုင်သေးပါ။ အခွန်ဌာနမှ လေ့လာဆန်းစစ်နေဆဲ ဖြစ်ပါသည်။ ဆားဆိုဒီယမ် ပါဝင်မှု လျှော့ချကြရန် စားသောက်ကုန်လုပ်ငန်းများကို တိုက်တွန်းထားပါသည်။၎င်းအခွန် စည်းကြပ်ရန် ဆုံးဖြတ်ပြီးပါက စားသောက်ကုန်လုပ်ငန်းများ ဆားပါဝင်မှု လျှော့ချထုတ်လုပ်ဖို့ လုပ်ဆောင်ရန် အချိန် အနည်းဆုံး တစ်နှစ်ပေးမည် ဖြစ်ပါသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News