Local News

၂၇.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃ နေ့ထိဈေးကွက်သုံးသပ်ချက်

Last Updated:
ဆန်စပါး
     ဒီတစ်ပတ်ရန်ကုန်ဝါးတန်းဈေးကွက်မှာ ဆန်ဈေးအပြောင်းအလဲ အနည်းငယ်ရှိခဲ့ပြီး ဆန်အဝင်ကတော့ ပုံမှန်ရှိနေပါတယ်။ အရောင်းအဝယ်ကတော့ အေးနေတယ်လို့ ဝါးတန်းကုန်စည်ဒိုင်ကနေ သိရပါတယ်။ နယ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးရော ဒုတိယတန်းစား စပါးပါ ဈေးပြန်မြင့်တက်လာပါတယ်။ ဆန်စပါးအသင်းချုပ်က ပြည်တွင်းဆန် ဈေးနှုန်းတည်ငြိမ်ဖို့အတွက် ပြည်ပဆန်တင်ပို့မှုနဲ့ ဆန်ထွက် ပစ္စည်းတင်ပို့မှုကို ကန့်သတ်မှုတွေ ပြုလုပ်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှုသာ ကန့်သတ်လိုက်ပါက လာမယ့် နွေစပါးဈေးက လျော့ကျနိုင်ခြေရှိတယ်လို့ ဆန်ကုန်သည်အချို့က ခန့်မှန်းထားပေမယ့် ပြည်တွင်းလက်ကျန်မရှိတဲ့အပြင်  အထွက်နှုန်းလျော့ပြီး ကုန်ကျစရိတ်ကြီးမားတာကြောင့် ဈေးက အများကြီးကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ် ကြပါတယ်။
     ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းမွှေး၊မြောင်းမြပုသိမ်ပေါ်ဆန်းမွှေး၊ပေါ်ဆန်းနယ်စုံ စသည်တို့က ဈေးငြိမ်နေပြီး ၊ရွှေဘိုပေါ်ဆန်းကတော့ တစ်အိတ်ကို ၈၀၀၀၀ ကနေ ၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ ဈေးတွေမြင့်တက်ခဲ့တဲ့  ဧည့်မထကတော့  တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ သီးထပ်ဆန်ကတော့ တစ်အိတ်ကို ၅၃၀၀၀ ကနေ ၅၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပြီး အခြားဆန်တွေကတော့ ဈေးငြိမ်ပါတယ်။
      ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာတော့ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၇၄၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၅၈၀၀၀ ကျပ်၊ဆန်ကတော့တစ်အိတ်ကို ၇၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ဧည့်မထစပါးကလည်း တင်း ၁၀၀ ကို ၁၄၇၂၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၈၃၀၀၀ ကျပ်၊ဧည့်မထဆန်က တစ်အိတ်ကို ၅၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
        အခြား မြို့နယ်ဈေးကွက်တွေမှာတော့ပထမတန်းစား စပါးတွေက ဈေးငြိမ်ပေမယ့် ဒုတိယတန်းစား စပါးတွေကတော့ တင်း ၁၀၀ ကို အနိမ့်ဆုံး ၁၀၀၀၀ ကနေ ၅၀၀၀၀ ကြားထိဈေးပြန် လည်မြင့်တက်လာခဲ့ပါတယ်။ဆန်ကလည်း တစ်အိတ်ကို ၁၀၀၀ ကနေ ၃၀၀၀ ကြားမြင့်တက်လာပါတယ်။ဆန်ဈေး စပါးဈေးတွေ မြင့်တက်နေပေမယ့် ကြိုပွိုင့်အရောင်းအဝယ်တွေ ဖြစ်တယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။
 
မတ်ပဲ
        မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။မြန်မာပြည်တွင်းမှာရော အိန္ဒိယနိုင်ငံမှာ ပါ ဈေး တွေ မြင့်တက်နေတာပါ။ပြည်တွင်းမှာတော့ ဈေးတွေ မြင့်တက်နိုင်သေးတယ်ဆိုတဲ့ သုံးသပ်မှုတွေကြောင့် ထိန်းရောင်းနေကြသလို ပိတ်ရက်ရှည်ကာလ ရောက်တော့မှာဖြစ်လို့ အဝင်လည်း နည်းသွားပြီး ဈေးလည်းမြင့်တက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ပြည်တွင်း မလုံလောက်မှုအပြင် ပြည်ပ ကလည်း အဝင်နည်းလို့ ဈေးတွေ မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ Current content က ရေးသားတဲ့ ဘာသာပြန်သတင်းတစ်ပုဒ်မှာတော့ အိန္ဒိယနိုင်ငံမှာ မတ်ပဲ ဈေးက တစ်လ အတွင်း ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်းမှာလည်း တစ်လအတွင်း အနိမ့်ဆုံး ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
         ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်ကို ၂၀၆၈၀၀၀ ပေါက်ဈေးရှိပီး တစ်တန်ကို ၅၀၀၀၀ နီးပါး ဈေးမြင့်တက်လာပါတယ်။ မန္တလေးဈေးကွက်မှာလည်း တစ်အိတ်ကို ၁၉၈၀၀၀ ကနေ ၂၀၀၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာ မတ်ပဲ က တစ်တင်း ကို ၆၄၅၀၀ ကနေ ၆၇၀၀၀ ကြားပေါက်ဈေးရှိပြီး ၂၀၀၀ကျပ်လောက် ဈေးတက်လာပါတယ်။ မတ်ပဲက ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၁၇၀၀၀၀ နီးပါးဈေးမြင့်တက် လာခဲ့ပါတယ်။
 
ပဲစင်းငုံနီ
          ပဲစင်းငုံနီကလည်း ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ပြည်တွင်းကုန်သည်ကြီးတွေကလည်း အိန္ဒိယနိုင်ငံရဲ့ ပဲအထွက်နှုန်း၊ လိုအပ်ချက်တွေကို စောင့်ကြည့်လေ့လာနေပြီး ဆက်ပြီး တက်ဦးမယ်လို့ ခန့်မှန်းသုံးသပ်မှုတွေကြောင့် ဈေးကွက်အတွင်းမှာ အရောင်းမရှိသလောက် ရှားနေပြီး ကြိုက်ဈေးပေးအရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ အိန္ဒိယအစိုးရကလည်း ပြည်ပတင်ပို့မှု ရှိနေပေမယ့် ဈေးအဆမတန် မြင့်မားလာတဲ့ ပဲစင်းငုံနီ ဈေးမြင့်တက်မှုကြောင့် ပဲစင်းငုံနီရဲ့ သိုလှောင်မှုကို စောင့်ကြည့်မယ်လို့ ထုတ်ပြန် ကြေညာခဲ့ ပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကတော့ ဈေးကွက်အတွင်းမှာ သက်ရောက်မှု တစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ မြန်မာပြည်တွင်း ကုန်သည် အချို့ ကတော့ ဆိုပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၃၈၅၀၀၀ နီးပါး ပေါက်ဈေးရှိပြီး တစ်တန်ကို ၃၅၀၀၀ ဈေးမြင့်တက်လာပါတယ်။
         မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၂၇၀၀၀ ကနေ ၂၂၈၀၀၀ ကြား  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၂၀၀၀ လောက်ဈေးမြင့်တက်ပေမယ့် အရောင်းအဝယ် မရှိတဲ့အတွက် ခန့်မှန်းဈေး တွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာနှင့် အောင်လံဈေးကွက်မှာတော့ ၇၅၅၀၀ ကနေ ၇၆၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀ ကျော်ဈေးမြင့်တက်လာပါတယ်။
 
ကုလားပဲ
          ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ ကုလားပဲကဈေးတွေ အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလ ဖြစ်တဲ့အတွက် ပြည်တွင်း အဝယ်သွက်ပြီး ဈေးမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဈေးကအနည်းငယ်ပြန်ကျဆင်းသွားခဲ့ပေမယ့် အရောင်းအဝယ်ကတော့ ကောင်းနေတယ်လို့သိရပါတယ်။ ကုလားပဲကတော့ အထွက်နည်းပေမယ့် ပြည်ပကနေ အဝင်ရှိနေတာဖြစ်လို့ အများကြီး တက်နိုင်ခြေ မရှိသလို အများကြီး ဈေးကျဆင်းနိုင်ခြေမရှိဘူးလို့လည်း ကုန်သည်အချို့က သုံးသပ်ပါတယ်။
         ရန်ကုန်ဈေးကွက်မှာတော့  ကုလားပဲလုံးဖြူ က  တစ်ပိဿာကို ၃၅၅၀   ကနေ ၃၆၂၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၃၅၆၅ ကနေ ၃၆၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅ ကျပ်ဈေးကျဆင်းသွားပြီး ၊ ကုလားပဲခြမ်းကတော့တစ်ပိဿာကို ၄၆၀၀ ကနေ ၄၈၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ မန္တလေး ဈေးကွက်မှာတော့ ကုလားပဲ (ထိုင်ဝမ်)က တစ်အိတ် ကို ၂၀၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ၊ကုလားပဲ(ဗွီဆဲဗင်း)ကလည်း တစ်အိတ်ကို ၂၀၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉ ကတော့တစ်အိတ်ကို ၂၀၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မုံရွာဈေးကွက်မှာလည်း ကုလားပဲ(ဗွီတူး)အသစ်ကတော့ တစ်တင်းကို ၆၈၅၀၀ ကျပ်ရှိပြီး တစ်တင်းကို ၃၀၀ ကျပ်၊ ကုလားပဲ(၉၂၉) အသစ်  တစ်တင်းကို ၆၇၂၀၀   ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်၊ကုလားပဲ(ထိုင်ဝမ်)က တစ်တင်းကို ၆၆၅၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
 
ကြက်သွန်ဖြူ
              ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အဝင်များနေသလို ဗမာကြက်သွန်ဖြူတွေကလည်း ဈေးကွက်ထဲ ဆက်တိုက်အဝင်ရှိနေတာဖြစ်လို့ ဈေးကကျဆင်းသွားပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၂၈၀၀ ကနေ ၃၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကနေ ၆၀၀ ကြားဈေးကျဆင်းသွားပါတယ်။မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၃၅၀၀ ကနေ ၃၉၀၀ ကြားပေါက်ဈေးရှိပြီး တစ်ပိဿာကိ ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဈေးအနည်းငယ်တက်ပါတယ်။အဝင်နည်းပြီး အဝယ်သွက်နေပါ တယ်။ ရန်ကုန်ဈေးကွက်မှာ တစ်ပိဿာကို ၄၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်ပါတယ်။

Source:  https://t.me/htwettoe

 
 
Category: Local News