Local News

သင်္ကြန်တွင်း စားသုံးဆီဖူလုံစေရန်တင်သွင်းလာသည့်သင်္ဘောဆိုက်ပြီ

Last Updated:
      သင်္ကြန်ကာလအတွင်းစားသုံးဆီဖူလုံစေရန် အင်ဒိုနီးရှားနိုင်ငံမှစားသုံးဆီများတင်ဆောင်လာသော ဗီယက်နမ်နိုင်ငံပိုင် M/T TRACY စားသုံးဆီတင်သင်္ဘောသည် ဧပြီ ၁ ရက်နံနက်က ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာနိုင်ဂရုဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
    "စားသုံးဆီတွေရောက်ရင် MITS ရယ်၊ စားသုံးသူရေးရာရယ်၊ ကျွန်တော်တို့ဆီအသင်းရယ်၊ တခြားပူးပေါင်းအဖွဲ့တွေက ဒီစားသုံးဆီဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ ဟုတ်/မဟုတ် စားသုံးဆီအရည်အသွေးသတ်မှတ်စံချိန် စံညွှန်းကိုက်ညီမှု ရှိ/မရှိတွေကို စစ်ဆေးပြီးမှ ဆီကန်တွေထဲကို စနစ်တကျထည့်ရပါတယ်”ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းကပြောသည်။

       ထို့ပြင် သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံ၌စားသုံးဆီဖူလုံမှုရှိစေရန် ဆောင်ရွက်ထားပြီး လက်ကျန်စားသုံးဆီ တန် ၃၀၀၀၀ ရှိကာ သင်္ကြန်မတိုင်ခင်တွင် စားသုံးဆီတန်ချိန် ၃၅၀၀၀ ခန့် တင်ဆောင်လာသည့် စားသုံးဆီတင်သင်္ဘော ၈ စင်းထပ်မံဆိုက်ကပ်ရန်ရှိကြောင်း သိရသည်။ "အားလုံးပေါင်း တန်ချိန် ၆၅၀၀၀ ရှိတယ် သင်္ကြန်ပြီးရင် တန်ချိန် ၁၁၀၀၀ ပါတဲ့ စားသုံးဆီတင် သင်္ဘော ၂ စင်းထပ်ရောက်မယ်။ စားသုံးသူတွေအလုံအလောက်စားသုံးနိုင်အောင်တင်သွင်းထားပါတယ်"ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ပြော သည်။
             ထို့ပြင် စားသုံးဆီများအား သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် နှင့် ဆီဖူလုံမှုရှိစေရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဆောင်ရွက်​နေကြောင်း သိရ သည်။ သင်္ကြန်ရုံးပိတ်ရက်ကာလတွင် စားသုံးဆီပြတ်လပ်မှုမရှိရန်၊ ဈေးကွက်လိုအပ်ချက်ပြည့်မီရန် စားသုံးဆီဖြန့်ဖြူးမှုနှင့်စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းများရှိ/မရှိကို ကြပ်မတ်စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ တိုင်းဦးစီးမှူးဦးရဲထွဋ်နိုင်ကလည်းပြောကြားခဲ့သည်။

Source: Popular News Journal
Category: Local News