ဖရဲ၊ သခွားမှာ ရာသီကုန်ချိန်ဖြစ်၍ ရှားပါးလာသောကြောင့် မူဆယ် ၁၀၅ မိုင်သို့ ဝင်ထွက်သည့် သစ်သီးကားများမှာ မတ်လဒုတိယ ပတ်နောက်ပိုင်း တစ်ရက်လျှင် အစီး ရေ ၉၀ ဝန်းကျင် သာရှိကာ လျော့နည်းသွားသည်ဟု ဆိုသည်။
ဖရဲ၊ သခွားတွေက ရှမ်းပြည်ဘက်က နောက်ဆုံးထွက်တဲ့ အသီးတွေ ဈေးကွက်ရောက်လာ တယ်။ ရာသီချိန်ကုန်ပြီဖြစ်လို့ မတ်လဆန်းက တစ်ရက်ကို သစ်သီးကား အစီးရေ ၁၅၀ ဝန်း ကျင် လောက်ဝင်ရောက်ပေမယ့် ခုနောက် ပိုင်း အစီးရေ နည်းလာတယ် ဟု မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်မှ တာဝန်ခံ ဒေါ်ရီရီက ပြောသည်။
တရုတ်ဈေးကွက်၌ မတ် ၂၅ ရက်က ဖရဲသီး ၈၅၅ မှာ အစီး ပြတ်ယွမ် ၇၀၀၀၀ ကျော်နှင့် ထန်ဝမ့်အသီးမှာ တစ်ကီလိုလျှင် ၆ ဒသမ ၅ ယွမ်၊ သခွားမှာ ၈ ဒသမ ၂ ယွမ် ပေါက်ဈေးရှိခဲ့ပြီး ၂၉ ရက်တွင် ဖရဲသီး ၈၅၅ မှာ အစီးပြတ် ယွမ် ၉၀၀၀၀ နှင့် ထန်ဝမ့် အသီးမှာ တစ်ကီလိုလျှင် ၈ ဒသမ ၅ ယွမ်၊ ရွှေသခွားမှာ ၈ ဒသမ ၂ ယွမ် ပေါက်ဈေးရှိကာ ဈေးကောင်းရနေသည်။