Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၃/၂ဝ၂၅) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Last Updated:

           အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊ ၁၃ : ၀၀ နာရီအချိန်တွင် ရုံးအမှတ် ၃၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

          ရှေးဦးစွာ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အမှာစကားပြောကြားရာ၌ အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ လုပ်ငန်းတာဝန်တွင် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးမှုကို ရှေးရှုသော ရေတိုရေရှည်မဟာဗျူဟာနှင့်နည်းဗျူဟာများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ထိန်းကျောင်းလမ်းညွှန်မှုပြုရန် ဖော်ပြထားရှိရာ ကောင်စီအဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက် ( Plan of Action ) များကို ပြင်ဆင်ရေးဆွဲထား သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၆-၂၀၃၀ နှင့် လိုက်လျောညီထွေဖြစ်အောင် ရေးဆွဲကြရန် လိုအပ်ကြောင်း၊

                ပြည်ပနိုင်ငံများသို့စျေးကွက်ဝင်သော ပို့ကုန်များ ပိုမိုတင်ပို့နိုင်ခြင်းသည် ထုတ်ကုန် ထုတ်လုပ်သော နိုင်ငံသားတို့၏ စွမ်းဆောင်ရည်မြင့်တက်လာခြင်းကြောင့်ဖြစ်၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်လုပ်သည့် စက်ယန္တရားများ ကောင်းမွန်ရေးနှင့် ထုတ်လုပ်သူများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ပေးအပ်ခြင်း၊ စက်ယန္တရားများ တင်သွင်းခွင့်ပြုခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးအစီအစဉ်များ ဖွံ့ဖြိုးတိုးတက်အောင် စီမံခြင်းတို့ကို ကွင်းဆက်လုပ်ငန်းစဉ်တစ်ခုအနေဖြင့် စီမံပေးလျက်ရှိကြောင်း၊  ကောင်စီအဖွဲ့ဝင်များ အနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များအပေါ် ကဏ္ဍအလိုက် ချိတ်ဆက်မိအောင် ပံ့ပိုးပေးကြ ရန် လိုအပ်ပါကြောင်း၊         ကဏ္ဍများအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို ရှေးရှုပြီး လိုအပ်သည့်လမ်းညွှန်မှုများကို အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီက ပံ့ပိုး ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

             ထို့နောက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဟန်ဝင်းအောင်က အမှာစကားပြောကြားပြီး၊ အတွင်းရေးမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင် ရေးကောင်စီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြမှုများအပေါ် အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

         အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဟန်ဝင်းအောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အစိုးရ-ပုဂ္ဂလိကကုန်သွယ်မှု မြှင့်တင်ရေးကောင်စီအဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Category: Local News