Thai Chamber of Commerce and Industry in Vietnam (ThaiCham) က ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ထုတ်လုပ်မှုအချက်အခြာဖြစ်နေသောနေရာကို ဆုံးရှုံးနိုင်ဖွယ်ရှိလာကြောင်း သတိ ပေးခဲ့ပြီး နိုင်ငံ၏လုပ်ငန်းဆောင်ရွက်မှုလွယ်ကူမှု(Ease of Doing Business)ဆိုင်ရာ လုပ်ထုံးလုပ်နည်းများလွယ်ကူချောမွေ့တိုးတက်ရန် အစိုးရအနေဖြင့် ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Chamber sounds alarm about Vietnam” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံသို့ ကျဆင်းခဲ့ပြီး ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံရှိခဲ့ကြောင်း၊ယင်းလမ်းကြောင်းအတိုင်းဆက်လက် တည်ရှိနေပါက အရှေ့တောင်အာရှတွင် ထုတ်လုပ်မှုစက်ရုံများ၏ အခြေ စိုက်အဖြစ် ၎င်း၏အခန်းကဏ္ဍကို ထိန်းထားရန်မှာ ထိုင်းနိုင်ငံအတွက် အိမ်မက်ဆိုးတစ်ခုဖြစ်လာနိုင်ကြောင်း၊ ဗီယက်နမ်သည် အဆင့်မြင့်နည်းပညာထုတ်လုပ်မှုအခြေစိုက်ဖြစ်စေရေး အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုတွင် ဒေသတွင်းဗဟိုချက်ဖြစ်ရန် ရည်မှန်းထားလျက်ရှိပါကြောင်း၊၂၀၂၅ ခုနှစ် တစ်ဦးချင်းဝင်ငွေ ၈ ရာခိုင် နှုန်းတိုးတက်ခဲ့ကြောင်း မှတ်တမ်းဝင်ပြီးနောက် ၂၀၃၀ ပြည့်နှစ်တွင် နှစ်စဉ် GDP တိုးတက်မှုကို ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ GDP သည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် စင်ကာပူတို့ပြီးပါက အဆင့် ၄ နေရာတွင်ရပ်တည်ခဲ့ကြောင်း ThaiCham လက်ထောက်ဥက္ကဋ္ဌ Mr. Jongjarern Jomjakra က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဆွဲဆောင်နိုင်ရန် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များအပေါ် ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်သင့်ကြောင်း၊ ဗီယက်နမ်သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် ၆၀ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုမိုဆွဲဆောင်နိုင်ပြီး နိုင်ငံခြားကုမ္ပဏီများအတွက် အခွန်ကင်းလွတ်သောပို့ကုန်အခွင့်အလမ်းများ ပေးထားပါကြောင်း၊ Thai Business Association မှ ခွဲထွက်၍ ၂၀၂၁ ခုနှစ်တွင် တည်ထောင်ခဲ့သော ThaiCham သည် ဗီယက်နမ်တွင် လုပ်ငန်းလည်ပတ်နေသည့် ထိုင်းကုမ္ပဏီ ၂၀၀ ကျော်ကို ကိုယ်စားပြုပါကြောင်း၊ အသင်းအနေဖြင့် ဗီယက်နမ်၏ လုပ်ခလစာသက်သာမှုနှင့် စွမ်းအင်ကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းကြား သက်သာသောကြောင့် အကျိုးကျေးဇူးရရှိပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။
ဗီယက်နမ်တွင် အဓိက ထိုင်းရင်းနှီးမြှုပ်နှံသူမှာ Siam Cement Group ၏လက်ခွဲဖြစ်သည့် SCG Chemical ဖြစ်ကြောင်း၊ ဗီယက်နမ်သည် ဗျူရိုကရေစီကိုလျှော့ချ၍ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပါကြောင်း၊ အစိုးရသည် ဝန်ကြီးဌာနအရေအတွက်ကို ၁၈ ခုမှ ၁၄ ခုသို့ လျှော့ချပြီး ပြည်နယ်များကို ၆၃ ခုမှ ၃၄ ခုသို့ ပေါင်းစည်းလိုက်ပါကြောင်း၊ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ခြင်းသည် ဆောင်ရွက်နေဆဲဖြစ်ပြီး ပို့ကုန်မြှင့်တင်ရန် အဓိကကမ်းရိုး တန်းပြည်နယ်များတွင် ရေနက်ဆိပ်ကမ်းအစီအစဉ်များအပါအဝင်ဖြစ် ကြောင်း၊ လူဦးရေကိန်းဂဏန်းသည်လည်း ဗီယက်နမ်၏ ပုံရိပ်ကို ခိုင်မာစေပြီး “Golden Population” ဟု ဖော်ပြထားသည့်အတိုင်း အလုပ်လုပ်ကိုင်နိုင်သည့် အသက်သည် ပျမ်းမျှအားဖြင့် ၂၂ နှစ်ဖြစ်ရာ ထိုင်းနိုင်ငံအား “Aged” အသိုက်အဝန်းအဖြစ် သတ်မှတ်နိုင်သော ပျမ်းမျှအလုပ်လုပ်ကိုင်သည့်အသက်မှာ ၄၀ နှစ်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေ ဖြင့် ဒေသတွင်း၌ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်နှင့် စဉ်ဆက်မပြတ်သော ထုတ်လုပ်မှုအခြေစိုက်ဖြစ်ရန် လျင်လျင်မြန်မြန်ဆောင်ရွက်သင့်ကြောင်း Mr. Jongjarern သုံးသပ်အကြံပြုထားပါ သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)