International News

တရုတ် - အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဗီယက်နမ်သည် ဦးစားပေး ကဏ္ဍလေးခုကို အဆိုပြု

Last Updated:

စက်တင်ဘာလ (၂၄) ရက်နေ့က တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးဖွင့်ပွဲအခမ်းအနား(CABIS)သို့ ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Ho Duc Phoc  တက်ရောက်ခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်အရ သိရှိ ရပါသည်။ အဆိုပါ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယ ဝန်ကြီးချုပ် Ho Duc Phoc က တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးကဏ္ဍ ၄ ရပ်ကို အဆိုပြုခဲ့ကြောင်း သိရှိရပါသည်။

ပထမချက်အနေဖြင့် တရုတ်နှင့် အာဆီယံတို့ စျေးကွက်ဖွင့်လှစ်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကို လွယ်ကူချောမွေ့စေပြီး ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (RCEP) နှင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (ACFTA) တို့ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်မှု ကတိကဝတ်များမှတစ်ဆင့် မျှတပြီး ရေရှည်တည်တံ့ သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သင့်ကြောင်း၊ နှစ်ဖက်လုံးအနေဖြင့် ACFTA ကို ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်ရန် လိုအပ်ပြီး အကောက်ခွန်ရှင်းလင်းရေးတွင် ဒစ်ဂျစ်တယ် နည်းပညာနှင့် အလိုအလျောက်စနစ် အသုံးချမှုကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယချက်အနေဖြင့် တရုတ်နှင့် အာဆီယံနှစ်နိုင်ငံလုံးသည် ဖွံ့ဖြိုးတိုးတက်ရေး မဟာ ဗျူဟာများ ချိတ်ဆက်မှုကို ချဲ့ထွင်ရန်၊ ဒေသတွင်းစီးပွားရေးစင်္ကြံများ တိုးချဲ့ရန်နှင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ချိတ်ဆက်သင့်ကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေဖြင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား တို့နှင့် ဆက်သွယ်ထားသောလမ်းများနှင့် မီးရထားလမ်းများကို ဖောက်လုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တတိယအချက်အနေဖြင့် နှစ်ဘက်လုံးအနေဖြင့် အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုများ ကို အားပေးရန်၊ စက်မှုလုပ်ငန်းသစ်များမြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုများ ချဲ့ထွင်ကာ ဒစ်ဂျစ်တယ်စီးပွားရေး၊ စိမ်းလန်းသော စီးပွားရေး၊ သန့်ရှင်းသော စွမ်းအင်တို့ကဲ့သို့သော စတုတ္ထစက်မှုတော်လှန်ရေး၏ ဦးဆောင်နယ်ပယ်များနှင့် ကဏ္ဍသစ်များ ကို ပံ့ပိုးပေးရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သင့်ကြောင်း အကြံပြုခဲ့ပါသည်။

နောက်ဆုံးအချက်အနေဖြင့် တရုတ်နှင့် အာဆီယံတို့သည် People-People အပြန်အလှန် ဆက်ဆံမှုများအပြင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့အကြား အပြန်အလှန် ချိတ်ဆက်မှုများကို မြှင့်တင်ကာ လူငယ်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ သို့မှသာ ခရီးသွားလုပ်ငန်း ပိုမိုအားကောင်း လာမည်ဖြစ်သည့် အတွက် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုထားကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်သည် အာဆီယံတွင် တက်ကြွပြီး တာဝန်ယူမှုရှိသော အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း၊ ဗီယက်နမ်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတွင် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန်အတွက် အခြား အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် Ho Duc Phoc က ပြောကြားခဲ့ပါသည်။

အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရန်အတွက် CAEXPO နှင့် CABIS တို့သည် အရေးပါ သော သင်္ကေတဖြစ်ပါကြောင်းပြောကြားခဲ့ပြီး နှင့် CAEXPO ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးချုပ်သည် ဗီယက်နမ်ပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဗီယက်နမ် ကုမ္ပဏီများ၏ ခင်းကျင်းပြသမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၀၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော ၇ ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံမှ အစပြုအကောင်အထည်ဖော်ခဲ့သည့် CAEXPO ကို ၂၀၀၄ ခုနှစ်မှ စတင်၍ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

CAEXPO သည် ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု၊ ခေတ်မီနည်းပညာလွှဲပြောင်းမှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်သွယ်မှု၊ မြို့ပြဖလှယ်မှု၊ စက်မှု ချိတ်ဆက်မှုနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတို့ကို ထိရောက်စွာ မြှင့်တင်ခဲ့ကြောင်း ဖော်ပြထား ပါသည်။

Source: Vietnam Economic Times

စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့

 

 

Category: International News