International News

အမေရိကန်နိုင်ငံ၌ ယခုရက်သတ္တပတ်အတွင်းအလုပ်လက်မဲ့အရေအတွက် မြင့်တက်လာခြင်း

Last Updated:

အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ယခုနှစ်စက်တင်ဘာလ အလုပ်အကိုင်အစီရင်ခံစာကို ၄-၁၀-၂၀၂၄ ရက်တွင်ထုတ်ပြန်မည်ဖြစ်ရာ ယင်းအစီရင်ခံစာထုတ်ပြန်ခြင်းမပြုမီ ယခင်ရက်သတ္တပတ် အတွင်း အလုပ်လက်မဲ့အဖြစ် စာရင်းသွင်းသူအရေအတွက် မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာလ၏ တတိယရက်သတ္တပတ်အတွင်း အလုပ်လက်မဲ့ဦးရေ (၂၁၉,၀၀၀) အထိရှိခဲ့သော်လည်း စတုတ္ထ ရက်သတ္တပတ်(စက်တင်ဘာလ ၂၈ ရက်အထိ)အတွင်း အလုပ်လက်မဲ့အဖြစ် လျှောက်ထားသူ (၂၂၅,၀၀၀)အထိ ရှိခဲ့ကြောင်း၊ ယင်းအလုပ်လက်မဲ့ အရေအတွက်သည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း အလုပ်လက်မဲ့နှုန်းသည် သမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ အလုပ် လက်မဲ့နှုန်း တိုးလာခဲ့သော်လည်း ယခုအလုပ်လက်မဲ့နှုန်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလမတိုင်မီရှိခဲ့သည့် အလုပ်လက်မဲ့နှုန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့်အခြေအနေဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၌ ၂၆-၉-၂၀၂၄ ရက်တွင် ဟာရီကိန်းမုန်တိုင်း Helene တိုက်ခတ်ခဲ့မှုနှင့် ၁-၁၀-၂၀၂၄ ရက်တွင် အရှေ့ဘက်ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများမှ ဆိပ်ကမ်းအလုပ် သမားများ ၎င်းတို့၏ အလုပ်ခွင်ကိုစွန့်ခွာကာဆန္ဒပြလျက်ရှိသဖြင့် ယင်းအချက်အလက်များ သည် ထုတ်ပြန်မည့် အလုပ်အကိုင်အစီရင်ခံစာအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သိရှိရပါ သည်။

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News