International News

အမေရိကန်ရှိသံမဏိစက်ရုံများကို အမေရိကန်နိုင်ငံသားများသာ ပိုင်ဆိုင်ရန် ဒုတိယသမ္မတ ကင်မလာ ဟဲရစ်က တောင်းဆို

Last Updated:

အမေရိကန်ဒုတိယသမ္မတ ကင်မလာဟဲရစ်က အမေရိကန်စတီးလ်ကုမ္ပဏီ (U.S. Steel) ကို နီပွန်စတီးလ်ကုမ္ပဏီ (Nippon Steel) ကုမ္ပဏီက ဝယ်ယူမည့်ကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန် သံမဏိစက်ရုံကို အမေရိကန်နိုင်ငံသားများကသာ ပိုင်ဆိုင်သင့်သည်ဟု တောင်းဆိုခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂-၉-၂၀၂၄ ရက်၌ “Kamala Harris Calls for U.S. Steel to Remain American Owned” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မလာဟဲရစ်သည် သမ္မတဂျိုးဘိုင်ဒင်နှင့် အတူ ပင်ဆဲလ်ဗေးနီးယားပြည်နယ်၊ Pittsburgh မြို့သို့ သွားရောက်ခဲ့စဉ် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် အစိုးရ၏ဆောင်ရွက်ချက်များကို ပြောကြားခဲ့ကြပြီး ဒုတိယသမ္မတကင်မလာဟဲရစ်က U.S. Steel ကုမ္ပဏီသည် အမေရိကန်နိုင်ငံသားပိုင်ဆိုင်ပြီး ပြည်တွင်း ၌ လုပ်ငန်းလည်ပတ်သည့် ကုမ္ပဏီတစ်ခုဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

ဒုတိယသမ္မတ၏ ယင်းရပ်တည်ချက်သည် မကြာသေးမီကာလက သမ္မတဂျိုးဘိုင်ဒင် ပြောကြားခဲ့သည့် ရပ်တည်ချက်နှင့်တူညီကြောင်း၊ Nippon Steel က U.S. Steel အား အမေရိကန် ဒေါ်လာ (၁၄.၁)ဘီလီယံဖြင့် ဝယ်ယူလိုမှုနှင့်ပတ်သက်၍ သမ္မတဂျိုးဘိုင်ဒင်က ပေါ်ပေါ်ထင်ထင် ကန့်ကွက်သည့် သဘောမဟုတ်ဘဲ ကင်မလာဟဲရစ်ပြောကြားသည့်နည်းတူ ၂၀၂၄ ခုနှစ်၊ မတ်လ အတွင်းက ပြောကြားခဲ့ကြောင်း၊ ရီပတ်ဘလင်ကန်ပါတီ သမ္မတလောင်းနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၎င်းသမ္မတဖြစ်လာပါက အဆိုပါဝယ်ယူမှုကို ရပ်ဆိုင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ရီပတ်ဘလင်ကန်ပါတီ ဒုတိယသမ္မတလောင်း ဂျေဒီဗင့်စ် အပါအဝင် အမေရိကန်လွှတ်တော် ကိုယ်စားလှယ်များကလည်း ယင်းဝယ်ယူမှုကို ဆန့်ကျင်သည်ဟု ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါရောင်းဝယ်မှုကို ဒုတိယသမ္မတကန့်ကွက်ခြင်းသည် ၎င်း၏မဲဆွယ်စည်းရုံးမှုလုပ်ငန်း တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းက U.S. Steel ကုမ္ပဏီသည် သမိုင်းဝင်အမေရိကန်ကုမ္ပဏီဖြစ်ပြီး နိုင်ငံ အတွက် အရေးပါသော အမေရိကန်သံမဏိထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ရာ အမေရိကန်နိုင်ငံသားပိုင် အဖြစ် ဆက်လက်ထားရှိသင့်ကြောင်း၊ အမေရိကန်သံမဏိစက်ရုံ အလုပ်သမားသမဂ္ဂ (United Steelworkers Union)ကလည်း ၎င်းတို့ကိုယ်စားပြုသည့်စက်ရုံများကို ဆက်လက်လုပ်ကိုင်ရန်နှင့် အလုပ်ခန့်ထားမှု စာချုပ်များကို ဆက်လက်ထိန်းထားရန် လုံလောက်သည့်ကတိကဝတ်များ ပေးထားခြင်းမရှိသဖြင့် Nippon Steel ၏ ဝယ်ယူလိုမှုကို ကန့်ကွက်လျက်ရှိကြောင်း သိရှိရပါသည်။

Nippon Steel ကုမ္ပဏီက ၎င်းတို့အနေဖြင့် ၂၀၂၆ ခုနှစ်တွင်ကုန်ဆုံးမည့်အလုပ်ခန့်ထားမှုစာချုပ် ပါ ကတိကဝတ်များကို လိုက်နာသွားမည်ဖြစ်ပြီး လက်ရှိစာချုပ်အရ အလုပ်သမားလျှော့ချမှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီဖြစ်သည့် Nippon Steel ကုမ္ပဏီအနေဖြင့် အလုပ်သမားများ၊ ဒေသန္တရအစိုးရများ၏စိုးရိမ်မှုကို လျှော့ချနိုင်ရန် U.S. Steel ၏ စက်ရုံဟောင်းများအတွက် အမေရိကန် ဒေါ်လာ (၂.၇) အထိ သုံးစွဲခဲ့ကြောင်း၊ Nippon Steel ကုမ္ပဏီသည် ၎င်းတို့၏ ဝယ်ယူမှုအပေါ် အလုပ်သမားများနှင့်ဒေသန္တရအစိုးရအရာရှိများ၏ ထောက်ခံချက်ရရှိရန် ယခုနှစ်နွေရာသီတွင် အရှိန်မြှင့်ဆောင်ရွက်ခဲ့သော်လည်း Pitsburgh မြို့အနီးရှိစက်ရုံများကို ပိတ်သိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ ဒေသန္တရအစိုးရအရာရှိများနှင့် အလုပ်သမားများ၏ ထောက်ခံမှုကျဆင်းခဲ့ကြောင်း၊ U.S. Steel ၏ အမှုဆောင်အရာရှိများက ၎င်းတို့ကုမ္ပဏီအနေဖြင့် Nippon Steel ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုကို ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း၊ ယခင်(၄)နှစ်အတွင်း စက်ရုံများပိတ်သိမ်းခဲ့ရခြင်းကြောင့် အလုပ်သမား များကို အလုပ်မှရပ်နားခဲ့ရကြောင်း၊ ယခင်နှစ်နွေဦးတွင် U.S. Steel နှင့် Nippon Steel တို့အကြား အစုရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ (၅၅) ဖြင့် ရောင်းချရန် သဘောတူညီခဲ့ကြကြောင်း၊ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် Cleveland-Cliffs ကုမ္ပဏီက ဝယ်ယူရန်ကမ်းလှမ်းခဲ့သော်လည်း ယင်းသို့ကမ်းလှမ်းချက်အပေါ် ကုမ္ပဏီအနေဖြင့် ဈေးကွက်ဆိုင်ရာစိုးရိမ်မှုများ (Market-concentration concerns)ကို အကြောင်းပြ၍ U.S. Steel ကုမ္ပဏီကငြင်းပယ်ခဲ့ကြောင်း သိရှိရပါသည်။

ဈေးကွက်ကိုတစ်ဦးတည်းချုပ်ကိုင်မှုကို ကာကွယ်ရန်အတွက် အမေရိကန်တရားရုံးက Antitrust ဆိုင်ရာ လေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါရောင်းဝယ်မှုသည် အမေရိကန်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မတီ (Committee on Foreign Investment) က အမျိုးသားလုံခြုံရေးအရ သုံးသပ် ရမည့်ကိစ္စရပ်ဖြစ်ရာ ကော်မတီအနေဖြင့် ယင်းရောင်းဝယ်မှုကို သမ္မတက ရပ်ဆိုင်းနိုင်ရန် အကြံပြုနိုင်ကြောင်း သိရှိရပါသည်။      

အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အလေးထားသူများသည် အမေရိကန်ကုန်ထုတ် လုပ်မှုမြင့်တက်လာနိုင်သဖြင့် Nippon Steel ၏ ဝယ်ယူမှုအပေါ် အားပေးကြမည်ဖြစ်ရာ သမ္မတလောင်း ကင်မလာဟဲရစ်၏ ထိုသို့တောင်းဆိုချက်သည် စီးပွားရေးဗဟုသုတမရှိသည်ကိုပြသခြင်းဖြစ်သည်ဟု ဝေဖန်မှုများရှိကြောင်းလည်း တွေ့ရှိရပါသည်။

သံရုံးယာယီတာဝန်ခံ(ကိုယ်စား)

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: International News