International News

တရုတ်နိုင်ငံသည် ဝန်ဆောင်မှုသုံးစွဲခြင်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အရည်အသွေးမြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးနိုင် ရန်နှင့် ပြည်သူတို့၏ ပုဂ္ဂိုလ်ရေးအရ ကွဲပြားပြီး အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ စားသုံးသူ ဝန်ဆောင်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စနေနေ့တွင် ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်တစ်ရပ်အရ သိရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီမှ ထုတ်ပြန်သော လမ်းညွှန်ချက်တွင် ဧည့်ဝတ်ကျေပွန်မှု၊ အိမ်တွင်းမှုဝန်ဆောင်မှုများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု၊ ကလေးထိန်းကျောင်း၊ ဖျော်ဖြေရေး၊ ခရီး သွားလာရေး၊ အားကစား၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး စသည့် ကဏ္ဍများတွင် စားသုံးမှုအလား အလာအပေါ်မူတည်၍ အဓိကလုပ်ငန်းစဉ် ၂၀ ချက်ကို ဖော်ပြထားသည်။

ဒစ်ဂျစ်တယ်၊ အစိမ်းရောင်နှင့် ကျန်းမာရေးဝန်ဆောင်မှုများကဲ့သို့သော စားသုံးမှုပုံစံသစ်များကို ဖော်ဆောင်ရန်၊ စားသုံးမှုအခြေအနေသစ်များဖန်တီးရန်၊ စျေးကွက်ဝင်ရောက်မှုကို ဖြေလျှော့ပေးရန်၊ စည်းမျဥ်းစည်းကမ်းများကို အားကောင်းလာစေရန်နှင့် ဝန်ဆောင်မှုသုံးစွဲမှုအတွက် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးမှု ပိုမိုထောက်ပံ့ပေးရန်လည်း လမ်းညွှန်ချက်တွင် ကတိပြုပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဆက်သွယ်ရေး၊ ပညာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ဆေးဝါး ကုသရေးစသည့် ကဏ္ဍများကို ဆက်လက် မြှင့်တင်သွားရမည်ဖြစ်ပြီး နည်းပညာဝန်ဆောင်မှုနှင့် ခရီး သွားလာရေး ကဲ့သို့သော နယ်ပယ်များတွင် ပွင့်လင်းမြင်သာသည့် အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းထားသည်ကို တွေ့ရှိရသည်။

တရုတ်နိုင်ငံသည် ပြည်ဝင်ခွင့်မူဝါဒများနှင့် စားသုံးမှုပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ဖန်တီး ပေးနိုင်မည့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေဆွဲမှုကို အရှိန်မြှင့်ဆောင်ရွက်ခြင်း၊ ကွဲပြားသော ငွေပေးချေမှု ဝန်ဆောင်မှုများကို ထောက်ပံ့ပေးခြင်းနှင့် အခြားနိုင်ငံများသို့ ဗီဇာကင်းလွတ် ဝင်ခွင့်ရရှိနိုင်မည့် အလားအလာကို လေ့လာခြင်း စသည့်တို့ကို ဆောင်ရွက်သွားရမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် စားသုံးမှုကို မြှင့်တင်ရန် အလေးထားဆောင်ရွက်မှုတစ်ခု အနေဖြင့် ပြည်တွင်း ဝယ်လိုအားကို တိုးချဲ့သွားရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးမှု တိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတွင် ဝန်ဆောင်မှုသုံးစွဲမှုသည် အဓိကမောင်းနှင်အားဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်အတွက် ဦးစားပေးကဏ္ဍ သတ်မှတ်ခြင်း အစည်းအဝေး၏ ဆွေးနွေးချက်အရ တွေ့ရှိရသည်။

၂၀၂၄ ခုနှစ် ပထမခြောက်လတွင် တရုတ်နိုင်ငံ၏ လက်လီရောင်းချသည့် ဝန်ဆောင်မှုများသည် လွန်ခဲ့သည့်နှစ်ကထက် ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး ကုန်ပစ္စည်းများလက်လီရောင်းချမှု ထက် ၄ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုကြောင်း တရားဝင်အချက်အလက်များအရ သိရှိရသည်။

ယင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဝန်ဆောင်မှု သုံးစွဲခြင်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/0805/c90000-20202001.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News