International News

တရုတ်နိုင်ငံ၏ ပို့ကုန်/သွင်းကုန် ဘဏ်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းအတွက် ချေးငွေများ တိုးမြှင့် ထုတ်ချေးပေးလျက်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မနိုင်ငံ၏ ပို့ကုန်/သွင်းကုန်ဘဏ် (China Exim Bank) သည် ၂၀၂၄ ခုနှစ် ပထမ နှစ်ဝက် (H1) တွင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ချေးငွေများ ပံ့ပိုးပေးလျက်ရှိသည်။ ပထမနှစ်ဝက်အတွင်း ချေးငွေပမာဏ ယွမ်ငွေ ၁ ထရီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၄၀ ဒသမ ၂၂ ဘီလီယံခန့်) ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃ ဒသမ ၂၇ ရာခိုင်နှုန်း မြှင့်တက်လာခဲ့သည်။

အဆိုပါဘဏ်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှု၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်နှင့် အလယ် အလတ်ကုန်စည်များ (intermediate goods) ကုန်သွယ်မှု၊ ဝန်ဆောင်မှု ကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ် ကုန်သွယ်မှုအတွက် ချေးငွေပံ့ပိုးပေးခြင်းဖြင့် နိုင်ငံခြားကုန်သွယ်မှုအတွက် မောင်းနှင်အားသစ်များ ပိုမို ဖော်ဆောင်လာနိုင်ရန် အလေးထားဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် ဇွန်လကုန်တွင် ဘဏ်၏ နိုင်ငံခြားကုန်သွယ်မှုကဏ္ဍအတွက် ချေးငွေထုတ်ပေးမှုမှာ ယခင်နှစ်ကထက် ၁၂ ဒသမ ၄၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဘဏ်၏ အဆိုအရ သိရသည်။ ထို့ပြင် ကုန်ထုတ်လုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ ကိုလည်း မြှင့်တင်ပေးခဲ့သည်။ ဘဏ်အနေဖြင့် နည်းပညာဆန်းသစ်တီထွင်မှုနှင့် R&D လုပ်ငန်းတို့ကို အဓိကထားသည့် အထူးချေးငွေများအပြင် အခြေခံအဆောက်အအုံ အမျိုးအစားသစ်များ ဆောက်လုပ် ခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ချေးငွေများလည်း ပံ့ပိုးပေးလျက်ရှိသည်။

ဇွန်လကုန်အထိ ဘဏ်၏ ချေးငွေသည် ကုန်ထုတ်လုပ်ငန်းများအတွက် ယွမ် ၂ ထရီလီယံကျော် ရှိခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမခြောက်လအတွင်း သက်ဆိုင်ရာ ကဏ္ဍများအတွက် ချေးငွေ ယွမ် ၄၁၀ ဘီလီယံကို ကမ်းလှမ်း ထုတ်ချေးပေးခဲ့သည်။ China Exim Bank သည် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် ပံ့ပိုးပေးလျက် ရှိသည့် နိုင်ငံပိုင် မူဝါဒဘဏ်တစ်ခု ဖြစ်သည်။

 

အရင်းမြစ်။ https://english.news.cn/20240804/c580fe184dc34705b4074ecd2e97ba2a/c.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News