Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်က ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်းက ရေဘဝဲပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရေဘဝဲပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ရေဘဝဲတွေအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေထွက်ကုန်တွေထဲမှာ ပင်လယ်စာရေဘဝဲ ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလည်း ရန်ကုန်ဈေးကွက်က ရေထွက်ကုန်တွေကို ဝယ်ယူမှုများပြားနေပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ရေဘဝဲတွေရဲ့လတ်ဆတ်မှုနဲ့အရွယ်အစားအလေးချိန်အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိပါတယ်။ ရေဘဝဲတွေကို လတ်တလောပင်လယ်စာအ‌ရောင်းဆိုင်တွေက ဝယ်ယူမှုများပြားနေတာကြောင့် အခုလို တင်ပို့မှုများပြားလာတာပါ။ တင်ပို့မှုများလာတော့ ရေလုပ်ငန်းရှင်တွေနဲ့ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမြတ်က ပြောပြသည်။

လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ရေဘဝဲအသေးလက်ရှည် တစ်ကီလိုလျှင် ငွေကျပ် ၂၅၅၀၀၊ ‌ရေဘဝဲလက်တို တစ်ကီလိုလျှင် ငွေကျပ် ၂၀၅၀၀ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရေဘဝဲများအပြင် အခြားရေထွက်ကုန်များ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လာကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်မြတ်ထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News