International News

တရုတ်နိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံခြားကုန်သွယ်မှု ၄၀ ရာခိုင်နှုန်းကို FTAs အားဖြင့် ပံ့ပိုးကူညီရန် မျှော်မှန်းထား

Last Updated:

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များ (FTAs) သည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းမြင့်သော FTAs ​​ကွန်ယက်ကို ပိုမိုချဲ့ထွင်၍ နိုင်ငံများနှင့် ဒေသများသို့ ပိုမိုကျယ်ပြန့်စွာ လွှမ်းခြုံနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုအချိန်အထိ နိုင်ငံနှင့် ဒေသပေါင်း ၂၉ နိုင်ငံတို့နှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက် (FTAs) ၂၂ ခု ကို လက်မှတ်ရေးထိုးထားခဲ့ပြီး နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံကို လွှမ်းခြုံထားနိုင်ခဲ့သည်။ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသဘောတူစာချုပ် (Comprehensive and Progressive Agreement for Trans-Pacific Partnership -CPTPP) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်၊ တရုတ်-အာဆီယံ FTA Version 3.0 ကို အစောဆုံး အဆုံးသတ်နိုင်ရန် နှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံတို့အကြား FTA ကို ပိုမိုမြှင့်တင် နိုင်ရန် အတွက်လည်း ကတိပြုထားသည်။ တရုတ်နိုင်ငံသည် FTA အသစ်များ ထူထောင်ရာတွင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းစာရင်းကို ထပ်တိုး၍ ဆက်သွယ်ရေး (Telecom)၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနှင့် ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများကို တိုးချဲ့ခွင့်ပြုခဲ့သည်။ ယခုအခါ သဘောတူညီချက်များတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့်၊ အပြန်အလှန်အသိအမှတ်ပြု စံနှုန်းများ စသည်တို့နှင့် သက်ဆိုင်သည့်မူဝါဒများကို ထည့်သွင်းစဉ်စားလာကြသည်။

နိုင်ငံတကာ၏ စံနှုန်းမြင့်မားသော စီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းများနှင့်အညီ တရုတ်နိုင်ငံ အနေဖြင့် ပိုင်ဆိုင်မှု အခွင့်အရေးများ ကာကွယ်ရေး (property rights protection) ၊ စက်မှုဆိုင်ရာ ထောက်ပံ့မှုများ (industrial subsidies) ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး (environmental protection) ၊ အလုပ်သမား ကာကွယ်ရေး (labor protection) ၊ အစိုးရဝယ်ယူရေး (Government Procurement) ၊ E-commerce စသည့် ကဏ္ဍများအပြင် ဘဏ္ဍာရေးကဏ္ဍ (Financial Sector)နှင့် အခြားကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွေ့ရှိရသည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/0802/c90000-20201539.html

လျန်ရှန်းမုန်

စီးပွားရေးသံမှူး၊

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News