Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးခေါင်းပွငါး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးခေါင်းပွငါး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက ငါးခေါင်းပွငါးပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်အတွင်းက ငါးခေါင်းပွငါးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းများသည် ငါးခေါင်းပွငါးများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ဘက်ကနေ ငါးခေါင်းပွငါးတွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချနေပါတယ်။ ဇူလိုင်လပထမပတ်ကနေ ငါးခေါင်းပွငါးတွေ တင်ပို့မှုများပြားလာပါတယ်။ ပြည်တွင်းမှာကို ငါးခေါင်းပွငါးက ဝယ်ယူမှုများနေလို့ အရောင်းအဝယ်ကောင်းမွန်လာပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းရဲ့နယ်ပယ်အသီးသီးက လုပ်ငန်းလုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြင့်မြင့်အေးက ပြောပြသည်။

ဘိုကလေးမြို့နယ်မှထွက်ရှိသည့် ငါးခေါင်းပွငါးများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးများနေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News