အမေရိကန်ကုန်သွယ်ရေးဌာန (DOC) သည် ဗီယက်နမ်မှ ပို့ကုန်အချို့အပေါ် တန်ပြန် အခွန် (Anti-dumping duties) ကောက်ခံမှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်မှုများ စတင်ခဲ့ ကြောင်း ဗီယက်နမ် ကုန်သွယ်မှု ကုစားရေး အာဏာပိုင်အဖွဲ့၏ အဆိုအရ သိရှိရပါသည်။ အဆိုပါ ပို့ကုန် (၃)မျိုးတွင် အေးခဲထားသော ငါးတန် ငါးအသားလွှာ၊ ပျားရည်နှင့် ကြေးနီပိုက်များ တို့ပါဝင် ကြောင်းသိရှိရပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်နောက်ဆုံးထား ထုတ်ပြန်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။
အေးခဲထားသောငါးတန် ငါးအသားလွှာများအတွက် ပြန်လည်သုံးသပ်သည့် ကာလသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက် အထိဖြစ်ကြောင်း၊ ပျားရည်အတွက် ပြန်လည်သုံးသပ်ကာလသည် ၂၀၂၃ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်အထိဖြစ်ပြီး ကြေးနီပိုက်များကို ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ ထိဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာန (DOC) သည် U.S. ဥပဒေများအရ US အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) တို့မှ အစီရင်ခံသည့် ပို့ကုန် ပမာဏအပေါ် အခြေခံ၍လည်းကောင်း၊ ပို့ကုန်လုပ်ငန်းရှင်များမှ တင်ပြထားသည့် အရေအတွက်နှင့် တန်ဖိုး (Q&V) အပေါ် အခြေခံ၍လည်းကောင်း စတင်သည့် ရက်မှ ၃၅ ရက်အတွင်း စိစစ်ရွေးချယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
သတိပေးချက်တွင် ဖော်ပြထားသော ထုတ်လုပ်သူ သို့မဟုတ် ပို့ကုန်လုပ်ငန်း ရှင်များသည် ပြန်လည်သုံးသပ်သည့် ကာလအတွင်း မည်သည့်ပို့ကုန်မှ မတင်ပို့ပါစေကာမူ အကြောင်းကြား စာကို လက်ခံရရှိပြီး ရက်ပေါင်း ၃၀ အတွင်း DOC သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
ဗီယက်နမ်နိုင်ငံကဲ့သို့ အမေရိကန်၏ စျေးကွက်စီးပွားရေးမဟုတ်သော နိုင်ငံများမှ သီးခြား အကောက်ခွန်နှုန်းထားများရှာဖွေနေသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လျှောက်လွှာတင်ပြီး မေးခွန်းများ ဖြေဆိုပေးပို့ရမည်ဖြစ်ပါကြောင်း၊ သီးခြားနှုန်းထားများကို လျှောက်ထားရန် ပျက်ကွက်ပါက မြင့်မားသည့် နိုင်ငံတော်အခွန်နှုန်းများ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
ကုန်သွယ်မှုကုစားရေး အာဏာပိုင်အဖွဲ့မှ သက်ဆိုင်ရာ ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် မိမိသက်ဆိုင်ရာ လုပ်ငန်းအလိုက် တိုးတက်မှုများကို အသိပေးရန်၊ အမေရိကန် စုံစမ်းစစ်ဆေးရေး လိုအပ်ချက်များကို အပြည့်အဝလိုက်နာရန်၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်အတွင်း အာဏာပိုင်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် အကြံပြုထားကြောင်း သိရှိရပါသည်။
Source: Viet Nam News
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)