International News

ဗီယက်နမ်နိုင်ငံ ဘန်ကျဲပြည်နယ်မှ တရုတ်နိုင်ငံသို့ အောက်တိုဘာလတွင် အုန်းသီးလတ်လတ်ဆတ်ဆတ်များအား ပထမအသုတ် တင်ပို့သွားမည်

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် တရုတ်စီမံခန့်ခွဲမှုအေဂျင်စီများအကြား မကြာသေးမီက လက်မှတ် ရေးထိုးထားသော  အုန်းသီးလတ်လတ်ဆတ်ဆတ်တင်ပို့မှုဆိုင်ရာ သဘောတူညီချက်အရ မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသဖြစ်သည့် ဘန်ကျဲပြည်နယ်သည် အုန်းသီးလတ်လတ်ဆတ်ဆတ် များအား တရုတ်နိုင်ငံသို့ ပထမအကြိမ်တင်ပို့ရန်အတွက် လိုအပ်သည်များပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဘန်ကျဲပြည်နယ်သည် လက်ရှိတွင် အုန်းစိုက်ပျိုးဧရိယာ ၁၆,၀၀၀ ဟက်တာခန့်ရှိပြီး ပြည်နယ် ၏ စိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်းရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာကုဒ် ၁၃၃ ခုရှိပြီး ဟက်တာ ၄၀၀ နီးပါးကျယ်ဝန်းကြောင်း သိရှိရပါသည်။

ဘန်ကျဲပြည်နယ်သည် တရုတ်ဈေးကွက်သို့ တင်ပို့ရန် လိုအပ်ချက်များနှင့်ကိုက်ညီသည့် အုန်းသီးစိုက်ပျိုးဒေသ ၁၃ ခုရှိကြောင်း၊ ပထမအကြိမ် တရုတ်နိုင်ငံသို့ အုန်းသီးလတ်လတ် ဆတ်ဆတ်တင်ပို့မှု အခမ်းအနားကို အောက်တိုဘာလအတွင်း ကျင်းပရန် မျှော်လင့်ကြောင်း စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး Doan Van Danh က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ အုန်းလတ်လတ်ဆတ်ဆတ်တင်ပို့နိုင်သည့် ဒေသ ၁၃ ခုကို ပဏာမ စစ်ဆေးရန်အတွက်  တရုတ်ဘက်မှ စက်တင်ဘာလတွင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဗီယက်နမ် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့သည် တရုတ်နိုင်ငံသို့ တင်ပို့သည့် ဗီယက်နမ်အုန်းသီး လတ်လတ်ဆတ်ဆတ်များအတွက် ဓာတုဗေဒ လိုအပ်ချက်ဆိုင်ရာ ပရိုတိုကောကို မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ် အုန်းသီးစိုက်ပျိုးသူများနှင့် လုပ်ငန်းရှင်များအတွက်  အမြတ်အစွန်းများသည့် စျေးကွက်သို့ဝင်ရောက်ရန် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ဗီယက်နမ်တွင် အုန်းသီးစိုက်ပျိုးရာပြည်နယ် ၁၅ ခုရှိပြီး ဟက်တာ ၂၀၀,၀၀၀ ခန့်ရှိကာ တန်ချိန် ၂ သန်း ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ နိုင်ငံအတွင်း လိုင်စင်ရ ဧရိယာကုဒ် ၂၀၇ ခုနှင့် ထုပ်ပိုးမှုဆိုင်ရာ အဆောက်အဦ ၅၅ ခုရှိကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း အုန်းသီးအချိုတန်ချိန် ၃ သောင်းခန့်နှင့် ပြုပြင်ပြီး အုန်းသီးထွက်ကုန်များ အထူးသဖြင့် အုန်းခြောက်ထွက်ကုန် တန်ချိန် ၃၂၀,၀၀၀ ခန့်ကို ကမ္ဘာတစ်ဝှမ်းသို့ တင်ပို့ခဲ့ကြောင်းဖော်ပြထားပါသည်။

Source: VOV

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)

 

 

Category: International News