International News

ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၃ သန်းကို ဆွဲဆောင်ရန် ရည်မှန်းချက် ချမှတ်

Last Updated:

        ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၃ သန်းကို ဆွဲဆောင်ရန် ရည်မှန်းချက်ချမှတ်ထားရှိကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်စွဲပါ Vn Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။ မကြာသေးမီက ဗီဇာမူဝါဒများ ပြောင်းလဲပြီး နောက် နိုင်ငံတကာခရီးသွားများ ပိုမိုလာရောက် လည်ပတ်ရန် တွန်းအားပေးသည့် ရည်မှန်းချက် အသစ်များ ချမှတ်ခဲ့သည်။

          ခရီးသွားလုပ်ငန်းကဏ္ဍသည် ယခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၂ ဒသမ ၅ သန်းမှ ၁၃ သန်းအထိ ရရှိရန် ရည်မှန်းထားပြီး ယခုနှစ်အစောပိုင်းက ချမှတ်ထားသည့် နှစ်အလိုက် လျာထားချက်ထက် ၁၅၆ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။ စက်တင်ဘာလအတွင်း ဗီယက်နမ်သို့ နိုင်ငံခြားခရီးသွား ၁ သန်းကျော် လာရောက်ခဲ့ပြီး ပထမကိုးလအတွင်း စုစုပေါင်း အရေအတွက် ၈ ဒသမ ၉ သန်းအထိ ရှိလာခဲ့ကြောင်း ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အဆိုအရ သိရှိရပါသည်။

          ဗီယက်နမ်နိုင်ငံသည် ယခုနှစ် တတိယသုံးလပတ်အတွင်း လစဉ် နိုင်ငံတကာ ခရီးသွား တစ်သန်းကျော် လာရောက်လည်ပတ်နေကြောင်း အမျိုးသားခရီးသွားလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး Nguyen Trung Khanh က ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ဗီယက်နမ်အနေဖြင့် ယခုနှစ်၏ ကျန်လများအတွင်း နိုင်ငံခြားဧည့်သည် ၁.၁ သန်းမှ ၁.၂ သန်းထိ ကြိုဆိုနိုင်မည်ဟု ခန့်မှန်းထားသည်။

            ဒါရိုက်တာ Nguyen Trung Khanh က ဗီယက်နမ်၏ ခရီးသွားကဏ္ဍသည် ယခုနှစ် စတုတ္ထသုံးလပတ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ၄ ​​သန်းခန့် ထပ်မံရရှိ နိုင်သည်ဟုဆိုသည်။ ယခင်က အထွေထွေစာရင်းအင်းရုံး၏အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စီးပွားရေး ပညာရှင် Nguyen Bich Lam ပြောကြားချက်အရ အစိုးရ၏ မကြာသေးမီက ဗီဇာမူဝါဒများ အပြောင်းအလဲများသည် ဗီယက်နမ်သို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုလာရောက် လည်ပတ်ရန် တွန်းအားဖြစ်စေခဲ့ကြောင်းသိရှိရပါသည်။

                  ဗီယက်နမ်နိုင်ငံသို့ နိုင်ငံခြားခရီးသွားအများစု လာရောက်လည်ပတ်သော နိုင်ငံများမှာ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ US၊ ဂျပန်၊ ထိုင်း ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဩစတြေလျ၊ စင်္ကာပူသို့ ဖြစ်ကြပြီး ဗီယက်နမ်နိုင်ငံ၏ ခရီးသွားကဏ္ဍသည် အစိုးရ၏ ဗီဇာမူဝါဒများ လျှော့ချမှုမှ အထောက်အပံ့ များစွာရရှိခဲ့ခြင်းဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် ဩဂုတ် ၁၅ ရက်နေ့မှ စတင်၍ နိုင်ငံပေါင်းစုံမှ E – visa မှတ်ပုံတင်ခြင်းကို လက်ခံခဲ့ပြီး Multiple Entry Visa ကို ရက်ပေါင်း ၉၀ သို့ လည်းကောင်း၊ ဗီဇာကင်းလွတ်ခွင့်ရှိသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံသားများအတွက် ၁၅ ရက်မှ ၄၅ ရက်အထိ သက်တမ်းတိုးမြှင့်ပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း လေ့လာသုံးသပ်ရပါသည်။

Source : Vn Economy

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

 

Category: International News