International News

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ် စီးပွားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရန် တည်ငြိမ်သောလမ်းကြောင်းပေါ်တွင်ရှိ

Last Updated:

ပြည်တွင်းပြည်ပ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ယခုနှစ် တတိယသုံးလပတ် ကာလတွင်တရုတ်နိုင်ငံ၏စီးပွားရေးသည် နိုင်ငံ၏ တစ်နှစ်တာအတွက် ချမှတ်ထားသည့် ရည်မှန်းချက်များ အောင်မြင်ရန် ခိုင်မာသည့်လမ်းကြောင်းပေါ်တွင် ဆက်လက်ရှိနေမည်ဟု ယုံကြည်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) သည် ယခုနှစ်ပထမသုံးလပတ်ကာလအတွင်း ယွမ် ၉၄.၉၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၃၃ ထရီ လီယံခန့်) ယခင်နှစ်ကာလတူထက် ၄.၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ တတိယသုံးလပတ်ကာလ တွင် စီးပွားရေးသည် ယခင်နှစ်ကထက် ၄.၆ ရာခိုင်နှုန်း တိုးတက်လာပြီး အခြေခံအားဖြင့် ၀.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ပြောင်းလဲလျက်ရှိသော ပြင်ပပတ်ဝန်းကျင်နှင့် ပြည်တွင်း စိန်ခေါ်မှုများကြားမှ တရုတ်နိုင်ငံ၏စီးပွားရေးသည် ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိသည့် စွမ်းဆောင်ရည်ကို ပြသခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ တာဝန်ရှိသူက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

စက်ပစ္စည်းများနှင့် နည်းပညာမြင့် ကုန်ထုတ်စက်မှုလုပ်ငန်းများတွင် ခိုင်မာအားကောင်းစွာတိုးမြင့်လာသည်ကို တွေ့မြင်ရပြီး ယခင်နှစ် ပထမကိုးလနှင့် နှိုင်းယှဉ်ပါက စက်မှုကုန်ထွက်နှုန်းမှာ ၅.၈ရာခိုင်နှုန်း တက်လာခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍသည် ၄.၇ ရာခိုင်နှုန်း တိုးလာသဖြင့် ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း၊ လူသုံးကုန်ပစ္စည်းများ၏ လက်လီရောင်းချမှုသည် ယခင်နှစ်ကထက် ၃.၃ ရာခိုင်နှုန်းမြင့်တက်လာသဖြင့် စားသုံးမှုမြင့်တက်လာခဲ့ကြောင်း၊ ပုံသေပိုင် ရင်းနှီးမြှုပ်နှံမှုသည် ၃.၄ ရာခိုင်နှုန်းမြင့်တက်လာပြီး နည်းပညာမြင့် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်ခဲ့ကြောင်းလည်းသိရှိရပါသည်။

စစ်တမ်းကောက်ယူခဲ့မှုအရ မြို့ပြအလုပ်လက်မဲ့နှုန်းသည် ပထမ သုံးလပတ်တွင် ပျမ်းမျှ ၅.၁ရာခိုင် နှုန်းရှိခဲ့ပြီး ယခင်နှစ်၏ ၅.၃ ရာခိုင်နှုန်းထက် ကျဆင်းသွားသောကြောင့် အလုပ်အကိုင် ဈေးကွက်တည်ငြိမ်ခဲ့ကြောင်း၊ မြို့ပြနှင့်ကျေးလက်နေထိုင်သူများ၏ တစ်ဦးကျဝင်ငွေ တိုးတက် မှု နှုန်းမှာ ၅.၂ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမျိူးသားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ တတိယသုံးလပတ်၏ တိုးတက်မှုသည် ဒုတိယသုံးလပတ် ၄.၇ ရာခိုင်နှုန်းနှင့် ပထမသုံးလပတ် ၅.၃ ရာခိုင်နှုန်းထက် အနည်းငယ်ကျဆင်းခဲ့သော်လည်း စီးပွားရေးတစ်ခုလုံးအနေဖြင့် တည်ငြိမ်လျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။

GDP တိုးတက်မှု၏ အတက်အကျများသည် မျှော်မှန်းချက်အရ အနည်းငယ်သာ အပြောင်း အလဲများ ဖြစ်ခဲ့ကြောင်း၊ တည်ငြိမ်သောအလုပ်အကိုင်၊ ငွေကြေးဖောင်းပွမှုအဆင့်၊ နိုင်ငံခြားကုန်သွယ်မှုကို ခန့်မှန်းနိုင်မှုနှင့် လုံလောက်သော နိုင်ငံခြားငွေအရန်ငွေများ မကြာသေးမီက အမေရိကန် ဒေါ်လာ ၃.၃ ထရီလီယံသို့ ပြန်လည်ရောက်ရှိသွားခြင်းတို့ အပါအဝင် အခွင့်သာသော အခြေအနေများကို ရှင်းလင်းပြော ကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

အထူးသဖြင့် ဆန်းသစ်တီထွင်မှုနှင့် စိမ်းလန်းသောအသွင်ကူးပြောင်းမှုတို့မှာ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်ရွေ့လျားလျက်ရှိကြောင်း၊ နည်းပညာမြင့်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိကြောင်း၊ လျှပ်စစ်ကားများ၊ လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများနှင့်လျှပ်စစ်ပစ္စည်းများ အပါအဝင် အစိမ်းရောင်စက်မှုလုပ်ငန်းများသည် ဂဏန်းနှစ်လုံးတိုးလာခဲ့ကြောင်း၊လေ၊ နျူကလီးယားနှင့် ဖိုဗိုတယ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် သုံးစွဲမှုတို့မှာ တဖြည်းဖြည်းကျယ်ပြန့်လာခဲ့ကြောင်း၊ ဆန်းသစ်တီထွင်မှုနှင့် အစိမ်းရောင်အဆင့်မြှင့်တင်မှုများကြောင့် စက်မှုလုပ်ငန်းစွမ်းဆောင်ရည်သည် ပထမသုံးလပတ် အတွင်း GDP ၏ ၄၀ ရာခိုင်နှုန်းနီးပါးကိုပံ့ပိုးပေးသည့် အဓိကအရာတစ်ခုဖြစ်ခဲ့ကြောင်း၊ အညွှန်းကိန်းများစွာ တိုးတက်မှုပြသခြင်းကြောင့်အပြုသဘောဆောင်သော လက္ခဏာများ အထူးထင်ရှားခဲ့သည်ဟု လေ့လာသူများကပြောကြားထားကြောင်းလည်း သိရှိရပါသည်။

မကြာမီက ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုတွင် စက်မှုကုန်ထုတ်မှုနှင့် ပုံသေပိုင်ရင်းနှီးမြုပ်နှံမှုတိုးလာခြင်းကြောင့် စီးပွားရေးလုပ်ငန်းများအကြား အကောင်းမြင်မှု တိုးလာကြောင်း၊ ရှန်ဟိုင်းနှင့်ရှန်ကျန်းဈေးကွက်များတွင် စတော့ရှယ်ယာ ရောင်းဝယ်မှု ပမာဏသည် ပြီးခဲ့သည့်လတွင် ၃၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း၊ အရောင်းပမာဏနှင့် တန်ဖိုးများကျဉ်းမြောင်းလာသဖြင့် အိမ်ခြံမြေ ဈေးကွက်သည်လည်း ပြန်လည်လှုပ်ရှားလာခဲ့ကြောင်း၊ စက်တင်ဘာလနှောင်းပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အဓိကနိုင်ငံရေး ဗျူရိုအစည်းအဝေးတွင် အရှိန်အဟုန်ပိုမိုအားကောင်းစေရေး အပြုသဘောဆောင် တိုးမြင့်ခဲ့သော မူဝါဒများသည် စျေးကွက်ယုံကြည်မှုနှင့် တက်ကြွမှုကို သိသိသာသာမြှင့်တင်ပေးခဲ့ကြောင်းလည်း သိရှိရပါ သည်။

တရုတ်နိုင်ငံမှမူဝါဒချမှတ်သူများသည် စိန်ခေါ်မှုများကိုတုံ့ပြန်၍ စီးပွားရေး မြှင့်တင်ရန်ရည်ရွယ်သည့် အစီအမံများကို ဆက်တိုက်ချမှတ်ခဲ့ကြောင်း၊ အကြီးစားစက်ကိရိယာများ အဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းအစီအစဉ်များ၊ ပံ့ပိုးမှုပေးသည့် အိမ်ခြံမြေမူဝါဒများ၊ ကာလရှည်အထူးငွေတိုက်စာချုပ်များ၊ ဒေသန္တရအစိုးရ အထူးငွေချေးစာချုပ်များထုတ်ပေးခြင်း စသည့်ကြိုးပမ်းမှုများသည် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ပေးပြီး စီးပွားရေးအားကောင်းမှုကို တွန်းအားပေးခဲ့ကြောင်း၊ ဗဟိုအစိုးရသည် စက်တင်ဘာလနှောင်းပိုင်းမှစတင်၍ counter-cyclical adjustment များ မြှင့်တင်ရန်၊ ထိရောက် သော ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန်၊စီးပွားရေး လည်ပတ်မှုကို ပံ့ပိုးကူညီခြင်း၊ အိမ်ခြံမြေ ဈေးကွက် ပြန်လည်ကောင်းမွန်လာစေရန်နှင့် အရင်းအနှီးဈေးကွက်များ အားကောင်းလာစေရေးတို့ကို အဓိကထားအာရုံစိုက်ထားသည့်မက်ခရိုစီးပွားရေးဆိုင်ရာ အစီအမံများကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရှိရပါသည်။

Tian Xuan၊ National Institute of Finance၊ Tsinghua University မှ ဥက္ကဌ က အဆိုပါအစီအမံများကို အချိန်နှင့်တပြေးညီ တိကျစွာဆောင်ရွက်ရေးကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့သည်စီးပွားရေး အကျပ်အတည်းအတွင်း စျေးကွက်ပါဝင်သူများ၏ ယုံကြည်မှုတိုးလာစေရန် အရေးကြီးသောအခန်း ကဏ္ဍမှပါဝင်သည်ဟုပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

မူဝါဒများသည် အပြုသဘောဆောင်သော သက်ရောက်မှုများကိုပြသနေပြီး အဆိုပါ မူဝါဒများ၏ အလားအလာကို အမြင့်ဆုံးမြှင့်တင်ရန်နှင့် စီးပွားရေးပြန်လည် ထူထောင်မှု လမ်းကြောင်း ပိုမိုခိုင်မာစေရေး သက်ဆိုင်ရာအစီအမံများကိုဆောလျင်စွာဆောင်ရွက်ရန် ဒေသ ဆိုင်ရာအစိုးရများအား တိုက်တွန်းပြောကြားခဲ့ကြောင်းအမျိုးသားစာရင်းအင်းဗျူရို၏ တာဝန်ရှိသူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Goldman Sachs က ယခုလအစောပိုင်းတွင် မကြာသေးမီကချမှတ်ခဲ့သည့် တိုးတက်မှု ဦးတည်ထားသည့် အစီအမံများကြောင့် ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို ၄.၇ရာခိုင်နှုန်းမှ ၄.၉ ရာခိုင်နှုန်းသို့ ထားရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

အမျိုးသားစာရင်းအင်းဗျူရိုမှ တာဝန်ရှိသူ၏အဆိုအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် စက်တင်ဘာလတွင် တည်ငြိမ်မှုလက္ခဏာများရရှိပြီးနောက် စတုတ္ထသုံးလပတ်တွင် ပြန်လည် ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းခန့်မျှော်မှန်းထားကြောင်း၊ ပထမသုံးလပတ်တွင် ၄.၈ ရာခိုင်နှုန်း တိုးတက်မှုနှုန်းသည် ပြင်ပဖိအားများ တိုးမြင့်ခဲ့ခြင်းနှင့် လက်ရှိပြည်တွင်းဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအကြား ခက်ခဲသောအခြေအနေကြားမှ ထွက်ပေါ်လာသည့် ရလဒ်တစ်ခု ဖြစ်ကြောင်း၊ ဤတိုးတက်မှုသည် စီးပွားရေးခံနိုင်ရည်ရှိမှု အလားအလာကို မီးမောင်းထိုးပြပြီး အနာဂတ် ပြန်လည်ထူထောင်ရေးအတွက် ခိုင်မာသောအခြေခံအုတ်မြစ်ကို ချမှတ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ။

Category: International News