International News

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ကာလအထိ သကြားတင်သွင်းမည့်အစီအစဉ်မရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ သကြားကြမ်း နှင့် သန့်စင်ပြီးသကြား နှစ်မျိုးစလုံးတွင် ပြည်တွင်းလိုအပ်ချက် ခန့်မှန်းထားသည့်ပမာဏအတိုင်း ဖူလုံမှုရှိသဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ နှစ်လယ်ကာလအထိ သကြား တင်သွင်းမည့်အစီအစဉ်မရှိသေးကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်အား လတ်တလော ကျင်းပပြုလုပ်ခဲ့သည့် Sugar Regulatory Authority အစည်းအဝေး ပြီး ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိကြံစိုက်ရာသီကုန်ဆုံးမည့် ၂၀၂၅ ခုနှစ်၊ မေလနှောင်းပိုင်းကာလအထိ သကြားတင် သွင်းမှုအစီအစဉ်နှောင့်နှေးနေဦးမည်ဖြစ်ပါကြောင်း၊ကြံစိုက်ရာသီတွင်စိုက်ပျိုးမှုအနည်းငယ်နောက်ကျ  ခဲ့ပြီးပြီးခဲ့သည့်နှစ်အလားတူကာလသီးနှံရာသီနှင့်နှိုင်းယှဉ်မည်ဆိုပါက လျော့နည်းခဲ့ပါကြောင်း၊ အယ်နီ  ညိုသက်ရောက်မှုကြောင့် Dry Spells ဖြစ်ပေါ်ခဲ့ပြီး ရင့်မှည့်မှုမရှိသဖြင့် ကြံတွင် သကြားပါဝင်မှုနှုန်း လျော့ကျခဲ့ပါသည်။ ထို့အတွက် ကြံတောင်သူများအနေဖြင့် ရင့်မှည့်မှုရှိစေရန်စောင့်ဆိုင်းမည် ဖြစ် သဖြင့်  ရိတ်သိမ်းချိန်နောက်ကျ နိုင်ပါကြောင်း ဖော်ပြထားပါသည်။

ရိတ်သိမ်းပြီးချိန် နောက်ပိုင်း သကြားထွက်ရှိပမာဏကို မူတည်ပြီးမှ တင်သွင်းမည့်အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိကြံစိုက်ဧရိယာမှာ မနှစ်ကသီးနှံရာသီက ၃၈၈,၃၇၈ ဟက် တာရှိရာမှယခုနှစ်တွင် ၃၈၉,၄၆၁ ဟက်တာထိ တိုးမြင့်ခဲ့သည့်အတွက် သကြားထုတ်လုပ်နိုင်မှုပမာဏ မက်ထရစ်တန် ၁.၇၈၂ သန်းသို့ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားရှိပါသည်။ သို့ရာတွင် အမေရိကန် စိုက်ပျိုးရေးဌာနမှ ဖိလစ်ပိုင်နိုင်ငံ၏ သကြားကြမ်းထုတ်လုပ်မှုသည် လက်ရှိသီးနှံရာသီတွင် အထွက် နှုန်း ၃.၆% ကျဆင်းနိုင်ကြောင်း ခန့်မှန်းပြောကြားထားကြောင်းနှင့် လက်ရှိသီးနှံရာသီမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ကုန်ဆုံးမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ပြည်တွင်းလက်လီဈေးနှုန်းများမှာ သန့်စင်ပြီးသကြား (Refined Sugar) တစ်ကီလိုလျှင် ၇၄-၉၀ ပီဆိုကြား၊ (Washed Sugar) မှာ တစ်ကီလိုလျှင် ၇၀-၉၀ ပီဆိုကြား၊ သကြားညို (Brown Sugar) တစ်ကီလိုလျှင် ၆၅-၉၀ ပီဆိုကြား ရှိ ပါကြောင်း ဖော်ပြပါရှိပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: International News