International News

ဂျာမန်ဝန်ကြီးချုပ် Scholz က ဂျာမနီရှိ သံမဏိလုပ်ငန်းများကို အကူအညီပေးမည်ဟု ကတိပြုပြီး EU အနေဖြင့်လည်း သင့်လျော်သော ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆို

Last Updated:

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz သည် ၉-၁၂-၂၀၂၄ ရက်တွင် Thyssenkrupp Steel Europe၊ Salzgitter နှင့် ArcelorMittal ကဲ့သို့သော ကုမ္ပဏီများမှ အလုပ်သမားခေါင်းဆောင်များ နှင့် သံမဏိစက်ရုံမှ အမှုဆောင်အရာရှိများအား တွေ့ဆုံစဉ် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စီးပွားရေးထိခိုက်နေသော အကြီးစားစက်မှုလုပ်ငန်းများအား ကူညီပံ့ပိုးပေးပြီး စွမ်းအင် ဈေးနှုန်းများအား ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေးနှင့် နိုင်ငံတကာနှင့် လိုက်လျော ညီထွေရှိ မည့်မူဘောင်ဖြစ်စေရေးတို့အတွက် ဆောင်ရွက်ပေးသွားမည်ဟု ကတိပြုခဲ့ပါသည်။ ၎င်းအနေ ဖြင့် ယင်းကိစ္စများအပေါ်  အလေးအနက်ထားကြောင်းနှင့် ထုတ်လုပ်မှုများခေတ်မီစေရန် အစဉ် အားထုတ်ကြိုးပမ်းလျက်ရှိသော ဂျာမန်သံမဏိလုပ်ငန်းများကို အစိုးရက ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ဂျာမန်စက်မှုလုပ်ငန်းများအနေဖြင့် အာရှဒေသများမှ ကုန်ကျစရိတ်နည်းသော ဈေးကွက်နှင့် တည်ငြိမ်မှုမရှိသော ဈေးကွက်များကို ယှဉ်ပြိုင်နိုင်ရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရကြောင်း ဖော်ပြချက်အရ သိရှိရပါသည်။

ဂျာမနီနိုင်ငံအတွင်း ထုတ်လွှတ်သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းများအတွက် နှုန်းထားကို တစ်ကီလိုဝပ်တစ်နာရီ (1 kwh)လျှင် သုံးဆင့် (3 cents)နှုန်းဖြင့် လျှော့ချလိုကြောင်းနှင့် လာမည့် ၂၀၂၅ ခုနှစ်တွင် grid ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရန် ကုန်ကျ စရိတ်များ၏ တစ်စိတ်တစ်ဒေသကို အစိုးရမှ ထောက်ပံ့ပေးလိုကြောင်း ဝန်ကြီးချုပ် Mr. Scholz က ပြောကြား ခဲ့သည်ဟု ဖော်ပြထားပါသည်။

ဝန်ကြီးချုပ် Scholz သည် ယခင်ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Christian Lindner ကို တာဝန် မှ ထုတ်ပယ်ပြီးကတည်းက ပါလီမန်တွင် အများသဘောဆန္ဒအတွက် မဲခွဲဆုံးဖြတ်ရန် ပျက်ကွက်လျက်ရှိရာ ယခုကဲ့သို့ အကြီးစားစက်မှုလုပ်ငန်းများအား ကူညီပံ့ပိုးပေးမည့်ကိစ္စအပေါ် အတိုက်အခံများ၏ ထောက်ခံမှုကိုရရှိရန် လိုအပ်နေချိန်၌ ဆန္ဒမဲဖြင့် အများသဘောဆန္ဒရယူရန် မဖြစ် မနေ လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျာမနီသည် ဥရောပသမဂ္ဂတွင် အကြီးမားဆုံး သံမဏိထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး Federal Statistical Office ၏ ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် စက်တင်ဘာအကုန်တွင် ယင်းစက်မှု လုပ်ငန်း များ၌ အလုပ်လုပ်ကိုင်နေသော အလုပ်သမားဦးရေ (၇၁,၀၀၀)ခန့်ရှိသော် လည်း အခက်အခဲများရှိနေပါကြောင်း၊ သံမဏိစက်ရုံတစ်ခုဖြစ်သောThyssenkrupp Steel သည် (၆) နှစ်အတွင်း အလုပ်အကိုင် (၁၁,၀၀၀) ခန့်ကို လျှော့ချရန် ရည်ရွယ်ထားကာ ၎င်း၏ အစီအစဉ်ကို နိုဝင်ဘာလတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က Funke Media Group နှင့်ပြုလုပ်ခဲ့သော Interview တစ်ခုတွင် ဘာလင်၏ သံမဏိလုပ်ငန်းစုတစ်ခုဖြစ်သော Thyssenkrupp တွင် ဂျာမန်အစိုးရအနေဖြင့် ရှယ်ယာဝင်ထားခြင်းရှိ- မရှိ  ဖြစ်နိုင်ခြေကို မေးမြန်းမှုအပေါ် ဝန်ကြီးချုပ် Mr. Scholz က ၎င်းအနေဖြင့် ငြင်းဆိုရန်မရှိဟု ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.dw.com/en/scholz-promises-help-for-steel-industy-urges-euaction/a-71007459

စီးပွားရေးသံမှူး၊ ဘာလင်

Category: International News