International News

ရုရှားနိုင်ငံ၏ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်တွင် ၄ ရာခိုင်နှုန်းရှိမည်ဟု ရုရှားသမ္မတ ပြောကြား

Last Updated:

ရုရှားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)သည် ၂၀၂၄ ခုနှစ်တွင် ၄ ရာခိုင်နှုန်းခန့် ရှိနိုင်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က (၁၆) ကြိမ်မြောက်  BRICS ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင်  ပဏာမခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် BRICS နိုင်ငံများ၏ GDP တိုးတက်မှုနှုန်းသည် ကမ္ဘာလုံးဆိုင်ရာဝေစု၏ ၃၆.၇ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး G7 နိုင်ငံများ၏ ဝေစုသည် ၃၀ ရာခိုင်နှုန်းရှိမည်ဖြစ်၍  BRICS နိုင်ငံများ၏ စီးပွားရေးသည် G7 နိုင်ငံများထက် တိုးတက်မှုကျော်လွန်သွားမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

G7 နိုင်ငံများ၏ ကမ္ဘာ့ GDP ဝေစုသည် ၁၉၉၂ ခုနှစ်တွင် ၄၅.၅ ရာခိုင်နှုန်းရှိပြီး BRICS နိုင်ငံများသည် အဆိုပါနှစ်တွင် ၁၆.၇ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ဆယ်စုနှစ်သုံးစု ကြာပြီး နောက် ၂၀၂၃ ခုနှစ်တွင် တိုးတက်မှုအချိုးသည် သိသိသာသာပြောင်းလဲသွားခဲ့ကြောင်း၊ အထူးသဖြင့် BRICS အဖွဲ့ဝင်နိုင်ငံများသည် အနာဂတ်တွင် ပင်မကမ္ဘာ့ GDP တိုးတက်မှုကို ဖြစ်ပေါ်စေမည့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ မောင်းနှင်အားဖြစ်ကြောင်း သမ္မတက မှတ်ချက်ပြုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)သည် ရုရှားနိုင်ငံ၏ ၂၀၂၄ ခုနှစ် အတွက် GDP တိုးတက်မှုနှုန်းကို ၃.၂ မှ ၃.၆ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ၁.၅ မှ ၁.၃ ရာခိုင်နှုန်းသို့ အဆင့်လျှော့ချ ခန့်မှန်းထားပါသည်။ ရုရှားစီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနသည် ယခုနှစ်အတွက် GDP တိုးတက်မှုနှုန်းကို ၂.၈ ရာခိုင်နှုန်းမှ ၃.၉ ရာခိုင်နှုန်းသို့ တိုးတက်မည်ဟု အစောပိုင်းတွင် မြှင့်တင်ခန့်မှန်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၃.၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း  သိရှိရသည်။

Source :       https://tass.ru/ekonomika/22219653

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News