International News

ဗီယက်နမ်ဆန်အများဆုံးဝယ်ယူသည့် နိုင်ငံများမှ ယခင်ထက်ပိုမိုဝယ်ယူလျက်ရှိ

Last Updated:

        အင်ဒိုနီးရှားနိုင်ငံသည် ဗီယက်နမ် အပါအဝင် အခြားနိုင်ငံများမှ ဆန်တန်ချိန် ၅၀၀,၀၀၀ ကို လေလံစနစ်ဖြင့် ဝယ်ယူတင်သွင်းရန် ဆောင်ရွက်လျက်ရှိသကဲ့သို့ ဖိလစ်ပိုင်နိုင်ငံကလည်း ဗီယက်နမ်ဆန်အမှာစာများ ထပ်မံတင်သွင်းခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်စွဲပါ VN Express International အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

          အင်ဒိုနီးရှား အမျိုးသားကုန်စည်ပို့ဆောင်ရေးအေဂျင်စီက ဆန်တန်ချိန် ၅၀၀,၀၀၀ ကို လေလံစနစ်ဖြင့် ဝယ်ယူရန် ကြေညာခဲ့ပြီး ၎င်းတို့အနက်မှ တန်ချိန် ၃၀၀,၀၀၀ ကို ဗီယက်နမ်၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ဝယ်ယူမည်ဖြစ်ပြီး ကျန်တန်ချိန် ၂၀၀,၀၀၀ ကို ပါကစ္စတန် က တင်သွင်းမှာဖြစ်ကြောင်းဖော်ပြထားသည်။

          လေလံအောင်မြင်သူသည် ဒီဇင်ဘာ ၂၅ ရက် မတိုင်မီ အင်ဒိုနီးရှားသို့ ကုန်ပစ္စည်းများ ပေးပို့ရမည်ဖြစ်သည်။ ဝယ်ယူမှု ဆက်တိုက်တိုးလာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် တရုတ် နိုင်ငံကို ကျော်တက်ကာ ဗီယက်နမ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆန်တင်သွင်းသူ ဖြစ်လာခဲ့သည်။

          အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ပထမကိုးလအတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် ၈၇၁,၀၀၀ တင်သွင်းခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၆ ဆ မြင့်တက်လာခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်အများဆုံး တင်သွင်းသည့် ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းဆန်ဈေးနှုန်းများ သတ်မှတ်မှုကြောင့် တစ်လနီးပါး ဆိုင်းငံ့ထားပြီးနောက် ထပ်မံဝယ်ယူမှု တိုးလာခဲ့သည်။ ဖိလစ်ပိုင် သည် သမရိုးကျ ကြိတ်စက်နှင့် ကောင်းစွာကြိတ်ခွဲထားသော ဆန်များအတွက် အမြင့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်ကို  မြှင့်တင်ခဲ့သည်။

           ပထမ ကိုးလအတွင်း ဖိလစ်ပိုင်သို့ ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် တန်ချိန် ၂.၄ သန်းရှိပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံနီးပါး တန်ဖိုးရှိကာ ကုန်သွယ်မှုပမာဏ ၂၀ ရာခိုင်နှုန်း တိုးမြင့် လာခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ တတိယမြောက် ဆန်အများဆုံး တင်သွင်းသည့် တရုတ်နိုင်ငံ သည် အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံမှ ကောက်ညှင်းဆန်နှင့် ST 24 နှင့် 25 ဆန်တို့ကို တိုးမြှင့်ဝယ်ယူလျက်ရှိသည်။

          တရုတ်နိုင်ငံသည် ပထမကိုးလအတွင်း ဗီယက်နမ်ဆန်တန်ချိန် ၈၅၀,၀၀၀ တင်သွင်းခဲ့ပြီး ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ အထက်တွင်ဖော်ပြထားသည့် အဓိကစျေးကွက်များအပြင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ဂါနာ၊ တူရကီနှင့် ချီလီသို့ တင်ပို့မှု ၄၆ ရာခိုင်နှုန်းမှ ယခင်နှစ် အလားတူ ကာလထက် အဆများစွာ မြင့်တက်လာခဲ့သည်။

            အောက်တိုဘာ ၉ ရက်တွင် ဗီယက်နမ်ဆန်ကွဲ ၅ ရာခိုင်နှုန်းဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၃၊ ဆန်မွှေးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၀ မှ ၆၅၀ ရှိပြီး ထိုင်းဆန်ထက် ဒေါ်လာ ၃၀ နှင့် ပါကစ္စတန်ဆန်ထက် ၆၅ ဒေါ်လာ ပိုများကြောင်း တွေ့ရှိရပါ သည်။

          ဗီယက်နမ်သည် ပထမကိုးလအတွင်း စုစုပေါင်း ဆန်တန်ချိန် ၆ ဒသမ ၃၅ သန်း တင်ပို့ ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး ယခင်တင်ပို့မှုထက် ကိန်းဂဏန်း သတ်မှတ်ချက် အရ ၁၈ ရာခိုင်နှုန်းနှင့် ဝင်ငွေအရ နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းအထိ တိုးမြှင့် တင်ပို့ခဲ့ရကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Source : VN Express

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News