International News

တရုတ်နိုင်ငံ၏ မော်တော်ယာဥ် ကုန်သွယ်မှုတွင် မူဝါဒ ပံ့ပိုးမှုဖြင့် အစီးရေ ငါးသန်းကျော်အထိ ရောက်ရှိခဲ့

Last Updated:

၂၀၂၄ ခုနှစ် အစောပိုင်းတွင် စတင်ခဲ့သော အစုလိုက်အပြုံလိုက် အသစ်လဲလှယ်ခြင်း အစီအစဉ်အရ တရုတ်နိုင်ငံ၏ မော်တော်ယာဉ် ကုန်သွယ်မှုသည် အစီးရေ (၅) သန်းကျော်သွားပြီ ဖြစ်ကြောင်း တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လတွင် စတင်မိတ်ဆက်ခဲ့သည့် အမျိုးသားအဆင့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် မော်တော်ယာဉ် ရောင်းဝယ်ရေး ထောက်ပံ့မှုများဖြင့် ကားအသစ် အစီးရေ ၂ ဒသမ ၅၉ သန်းကို သုံးစွဲသူများက ဝယ်ယူခဲ့ကြပြီး စုစုပေါင်း ကားအစီးရေ ၂ ဒသမ ၄၄ သန်းကျော်ကို ဖျက်စီးခဲ့ကြသည်။

အဆိုပါအစီအစဉ်သည် ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ခြင်း၊ စက်ပစ္စည်းများ အဆင့်မြှင့် တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းများမှတစ်ဆင့် စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။

လက်တလော ကာလတွင် စွမ်းအင်သစ်သုံးမော်တော်ယာဉ်(new energy vehicle) အတွက် ကားအဟောင်းကို ရောင်းဝယ်သူများအနေဖြင့် ထောက်ပံ့ကြေး ယွမ် ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၇၈၁) ရရှိမည် ဖြစ်ပြီး လောင်စာဆီ စွမ်းအင်သစ်သုံးကား (new fuel-powered car) ကို ရွေးချယ်သူများသည် ယွမ် ၁၅,၀၀၀ ထောက်ပံ့ကြေးရရှိမည် ဖြစ်သည်။

ယင်းမူဝါဒသည် ကားစျေးကွက်ကို ထိရောက်စွာ နှိုးဆွပေးခဲ့သည်။ တရုတ်နိုင်ငံ၏ ခရီးသည်တင် မော်တော်ယာဥ်ရောင်းအားသည် ပြီးခဲ့သည့်လတွင် အစီးရေ ၂ ဒသမ ၄၂ သန်းအထိ တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံတဝှမ်း လူစီးကား ရောင်းအားသည် အစီးရေ ၂၀ ဒသမ ၂၆ သန်းရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံတွင် စွမ်းအင်သစ် လူစီးကားသစ်များ၏ လက်လီ ရောင်းချမှုသည် အစီးရေ ၁ ဒသမ ၂၇ သန်းရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၀ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကာ နိုင်ငံတစ်ဝှမ်း လူစီးကားများ လက်လီရောင်းချမှု စုစုပေါင်း၏ ၅၂ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ အစီးရေ ၉ ဒသမ ၅၉ သန်းရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၁ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် စွန့်ပစ်ထားသော ကားအစီးရေ ၁ ဒသမ ၀၃ သန်း ကို ပြန်လည်အသုံးပြုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၄၁ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စွန့်ပစ်ထားသော ကားများ ပြန်လည်အသုံးပြုမှုသည် အစီးရေ ၆ ဒသမ ၈၈ သန်းအထိ ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဉ် မူဝါဒအသစ်အရ လူစီးကား အဟောင်းများကို ပြန်လည် အသုံးပြု လာမှု တိုးလာခဲ့သည့်အပြင် စွမ်းအင်သစ် လူစီးကားများ ဝယ်ယူလာမှုသည်လည်း မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပြီး စွမ်းအင်သစ် မော်တော်ယာဉ် လဲလှယ်အသုံးပြုလိုသူများအနေ ဖြင့် ထောက်ပံ့ငွေများ ပံ့ပိုးပေး လျက်ရှိသည်ကို တွေ့ရှိရပါသည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1211/c90000-20252523.html

စီးပွားရေးသံမှူး

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News