International News

၂၀၂၅ တွင် ဟောင်ကောင်ဒေသ ပို့ကုန်တင်ပို့မှု ၄ ရာခိုင်နှုန်း တိုးတက်လာနိုင်

Last Updated:

လာမည့် ၂၀၂၅ တွင် ဟောင်ကောင်ဒေသ ပို့ကုန်တင်ပို့မှု ၄ ရာခိုင်နှုန်း တိုးတက်လာနိုင် သည်ဟု ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) က ခန့်မှန်းထား ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် “HK exports to see 4 percent growth in 2025” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် အာဏာရရှိလာမည့် ဇန်နဝါရီလတွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေ သိသိသာသာပြောင်းလဲနိုင်ပြီး ဟောင်ကောင်ဒေသအပေါ်သို့လည်း အကျိုးသက်ရောက်မှုရှိလာဖွယ်ရှိကြောင်း၊ တရုတ်ပြည်မ သို့မဟုတ် ဟောင်ကောင်ဒေသ ပင်ရင်း ဒေသထုတ်ကုန်များကို အခွန်ကောက်ခံရန်သာမက အဓိကကုန်သွယ်ဖက်များအပေါ်တွင်ပါ အခွန်ကောက်ခံသွားရန် အမေရိကန်မှ ကြေညာထားခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်မှုအပေါ် ဆိုးကျိုးသက်ရောက်နိုင်သည်ဟု HKTDC မှ သုတေသန ညွှန်ကြားရေးမှူး Irina Fan က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

မရေရာသည့်အခြေအနေကြောင့် ပို့ကုန်တင်ပို့သူများအနေဖြင့် မကြားသေးမီက front-loading of shipment အတွက် စီစဉ်နေပြီဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ပို့ကုန် တင်ပို့မှုသည် ဒုတိယနှစ်ဝက်ထက် ပိုများမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ထိုသို့မြင့်တက်ခြင်းမှာ အီလက်ထရောနစ် ပို့ကုန်များ တင်ပို့မှု ပြန်လည်ဦးမော့လာခြင်းကြောင့်ဖြစ်ကြောင်း၊ အီလက်ထရောနစ်ပစ္စည်းများမှာ ဟောင်ကောင် ဒေသစုစုပေါင်း ပို့ကုန်တင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ AI  အသုံးပြုနိုင်သည့် စနစ်များအပေါ် ဝယ်လိုအားရှိနေသောကြောင့် လာမည့်နှစ် ပို့ကုန်တင်ပို့မှုအတွက်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း  စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: International News