ကမ္ဘာ့အလူမီနီယံထုတ်လုပ်ရေးလုပ်ငန်းတွင် ဦးဆောင်လျှက်ရှိသည့် ယူအေအီးနိုင်ငံရှိ Emirates Global Aluminum (EGA) သည် BMW Group စီးပွားရေးအုပ်စုနှင့် ၎င်းတို့၏ CelestiAL-R အလူမီနီယံထောက်ပံ့ရေးသဘောတူညီချက်ကို သက်တမ်းဆက်လက်တိုးမြှင့်လိုက်ကြောင်း ကြေငြာခဲ့ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
နေရောင်ခြည်စွမ်းအင်နှင့် ပြန်လည်သန့်စင်ထားသောသတ္တုတို့ကို အသုံးပြု၍ ထုတ်လုပ် ထားရှိသော ကမ္ဘာ့ပထမဆုံး အလူမီနီယံရောစပ်ထားသော CelestiAL-R သတ္တုအမျိုးအစားသည် အရည်အသွေး မြင့်ပြီး ရေရှည်တည်တံ့သောကားအစိတ်အပိုင်းများကို ထုတ်လုပ်ရန်အတွက် BMW Group ၏ ကြိုးပမ်းမှုတွင် အဓိကကျကြောင်း ဖော်ပြထားပါသည်။
BMW Group ဥက္ကဌ ဖြစ်သူ Oliver Zipse သည် မကြာသေးမီက EGA အလူမီနီယံ ထုတ်လုပ်ရေးလုပ်ငန်း၏ ဒူဘိုင်းရှိ Jebel Ali စက်ရုံနှင့် Mohammed bin Rashid Al Maktoum Solar Park တို့ကိုသွားရောက်ကြည့်ရှုခဲ့ပါသည်။ EGA သည် BMW Group သို့ ၂၀၁၃ ခုနှစ် ကတည်းက အလူမီနီယံ သတ္တုကိုအဓိကပေးသွင်းသူတစ်ဦးဖြစ်ခဲ့ပြီး BMW မှ ၂၀၂၁ ခုနှစ်တွင် EGA ၏ နေရောင်ခြည်စွမ်းအင်သုံး CelestiAL အလူမီနီယံသတ္တုကို ပထမဆုံးအသုံးပြုခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အစောပိုင်းမှစတင်၍ EGA မှ BMW သို့ပံ့ပိုးပေးသော အလူမီနီယမ်သတ္တုများအားလုံးသည် BMW Group ၏ ရေရှည်တည်တံ့ရေးဆိုင်ရာ ကတိကဝတ်များကိုပံ့ပိုးပေးသည့် အလူမီနီယံ ရောစပ်ထားသော CelestiAL-R အမျိုးအစား အဆင့်မြင့်သတ္တုများကို ပေးသွင်းခဲ့ခြင်းဖြစ်ပါသည်။
EGA ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Abdulnasser bin Kalban က ဤပူးပေါင်းဆောင်ရွက် မှု၏ အရေးပါမှုကို BMW Group သည် နေရောင်ခြည် စွမ်းအင်ဖြင့် ထုတ်လုပ်ထားသော အရည် အသွေးအမြင့်ဆုံးသတ္တုကို လိုအပ်လျှက်ရှိပြီး ၎င်းတို့၏ ဆန်းသစ်တီထွင်မှုကို တွန်းအားပေး ပါကြောင်း ၎င်း သတ္တုတို့သည် BMW ၏ သတ္တုအရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ပြည့်မီ ကြောင်း သေချာစေပြီး CelestiAL-R အမျိုးအစားတွင် ပြန်လည်အသုံးပြုထားသော သတ္တုအချိုး အစား ကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။
ဤသတ်မှတ်ချက်များကို ရရှိစေရန် EGA သည် Jebel Ali နှင့် Al Taweelah ရှိ ၎င်းတို့၏ သတ္တုဗေဒ ဓာတ်ခွဲခန်းများတွင် optical emission spectrometry အပါအဝင် အဆင့်မြင့် နည်းပညာများကို အသုံးပြုထားရှိပါသည်။ အလူမီနီယမ်ကို ပြန်လည်အသုံးပြုခြင်းသည် ထုတ်လုပ်မှု အသစ်များထက် ၉၅ % စွမ်းအင်လျော့နည်းစေပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချ ပေးပါသည်။ EGA ၏ အရင်းအမြစ်များသည် ပြည်တွင်းတွင်သတ္တုများကို ပြန်လည် အသုံးပြုနိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး လက်ရှိတွင် ယူအေအီးနိုင်ငံ၏အကြီးမားဆုံးသော အလူမီနီယံ ပြန်လည်အသုံးပြုသည့်စက်ရုံကို Al Taweelah တွင် တည်ဆောက်လျှက်ရှိကာ ၂၀၂၆ ခုနှစ်တွင် နှစ်စဉ် တန်ချိန်ပေါင်း ၁၇၀,၀၀၀ ကို ထုတ်လုပ်နိုင်ရန် ရည်မှန်းထားပါသည်။
ဤကဲ့သို့သော စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှုသည် EGA နှင့် BMW တို့၏ ရေရှည် တည်တံ့ပြီး အရည်အသွေးမြင့်အလူမီနီယံသတ္တုအတွက် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုတွင် မျှဝေ ထားသည့် ယုံကြည်ချက်ကို အားဖြည့်ပေးလျှက်ရှိကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source:Emirates News Agency
Economic Counsellor (Dubai)