International News

တရုတ်နိုင်ငံ၌ မက္ကဒေးမီးယားအတွက် ဈေးကွက်အလားအလာကောင်းများရှိနေ

Last Updated:

World Macadamia Organisation (WMO)၏ မကြာသေးမီက ခန့်မှန်းချက်အရ ကမ္ဘာ့ အခွံပါမက္ကဒေးမီးယား ထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် မက်ထရစ်တန်ချိန်(၄၀၀,၀၀၀)ခန့်သို့ ရောက်ရှိနိုင်မည်ဟု သိရှိရပြီး ၂၀၂၉ ခုနှစ်တွင် မက်ထရစ်တန်(၅၆၀,၀၀၀)နှင့် ၂၀၃၀ ပြည့်နှစ်တွင် မက်ထရစ်တန် (၆၀၀,၀၀၀)နီးပါးအထိ ရှိလာမည်ဖြစ်ကြောင်း၊ ကမ္ဘာ့မက္ကဒေးမီးယားလုပ်ငန်း သည် နှစ်အလိုက်တိုးတက်မှုနှုန်း (၁၀.၂)% ဖြင့် လျင်မြန်စွာ တိုးတက်နေသည့်အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းမှာပင် kernel ဖြင့် တိုင်းတာသော ကမ္ဘာလုံးဆိုင်ရာ မက္ကဒေးမီးယားအစေ့ လိုအပ်ချက်သည် ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန် (၆၄,၀၀၀)ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် မက်ထရစ် တန် (၁၃၇,၀၀၀)အထိ မြင့်တက်မည်ဟု ခန့်မှန်းထားပြီး (၅)နှစ်တာကာလအတွင်း နှစ်ဆကျော် တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

ကမ္ဘာ့မက္ကဒေးမီးယား ရောင်းလိုအားနှင့် ဝယ်လိုအား လျင်မြန်စွာ မြင့်တက်လာမှုတွင် တရုတ်နိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ရောင်းလိုအားဘက်တွင် မကြာသေးမီက International Nut & Dried Fruit Council (INC) ကွန်ဂရက်များတွင် တရုတ် ကိုယ်စားလှယ်များမှ မျှဝေထားသော ကိန်းဂဏန်းများအရ တရုတ်နိုင်ငံ၏ မက္ကဒေးမီးယား ထုတ်လုပ်မှုသည် ၂၀၂၉ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်(၁၁၈,၅၀၀)အထိ တိုးလာ မည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

 

ဝယ်လိုအားဘက်တွင် တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်၌ မြောက်အမေရိကကို ကျော်တက် ကာ ကမ္ဘာ့အကြီးဆုံးမက္ကဒေးမီးယား စားသုံးသူဈေးကွက်ဖြစ်လာပြီး လာမည့် (၅)နှစ်အတွင်း တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ကြောင်း၊ မက္ကဒေးမီးယားလုပ်ငန်းစု၏ ခန့်မှန်းချက်များအရ တရုတ်၏ kernel ဖြင့်တိုင်းတာသော မက္ကဒေးမီးယားအစေ့ဝယ်လိုအားသည် ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန် (၁၇,၅၀၀)မှ ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန် (၂၉,၅၀၀)အထိ (၇၀)%ခန့် သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်အတွက် ကနဦးခန့်မှန်းထားခဲ့သည့် မက်ထရစ်တန် (၂၀,၃၀၀)ထက် ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ မက္ကဒေးမီးယားအစေ့လိုအပ်ချက်သည် ၂၀၂၇ ခုနှစ်တွင် မက်ထ ရစ်တန် (၄၆,၅၀၀)အထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း၊ အဓိကအားဖြင့် အခွံပါမက္က ဒေးမီးယားကို သရေစာအဖြစ်စားသုံးမှု၊ မက္ကဒေးမီးယားအစေ့သရေစာမုန့်များနှင့် အစားအစာ ပြုပြင်ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ်အသုံးပြုခြင်းတို့က ဈေးကွက်ဝယ်လိုအားကို တိုးတက် လာစေမည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းတို့၏ ဝယ်လိုအားများသည် မက်ထရစ်တန် (၁၃,၀၀၀)မှ (၂၈,၀၀၀)၊ မက်ထရစ်တန် (၁,၀၀၀)မှ (၈,၀၀၀)နှင့် မက်ထရစ်တန် (၂,၀၀၀)မှ (၈,၀၀၀)တို့သို့ အသီးသီး မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၌ မက္ကဒေးမီးယားအစေ့ စားသုံးမှု လျင်မြန်စွာ ကြီးထွားလာမှု၏ နောက်ကွယ် တွင် ဈေးနှုန်း၊ ဆန်းသစ်သော သရေစာများ ဖွံ့ဖြိုးတိုးတက်လာမှု၊ ဖြန့်ဖြူးရောင်းချသည့်နေရာ ပိုမိုများပြားလာမှုနှင့် သေးငယ်သည့် ထုပ်ပိုးမှုပုံစံတို့သည် အဓိကမောင်းနှင်အားများဖြစ်သည်ဟု  WMO မှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

2024 China International Tree Nuts Conference တွင် Foshan Liushe Food Co. Ltd. (佛山市六社食品有限公司)မှ တင်ပြသည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ မက္ကဒေးမီးယား စိုက်ပျိုးဧရိယာသည် ၂၀၂၄ ခုနှစ်တွင် ဟက်တာ (၃၄၅,၀၀၀)အထိရှိပြီး ယူနန် ပြည်နယ်တွင် ဟက်တာ (၂၈၀,၀၀၀)ရှိ၍ အခြားမက္ကဒေးမီးယားအဓိက စိုက်ပျိုးသည့်ဒေသများ မှာ ကွမ်ရှီးဒေသနှင့် ကွမ်တုန်းပြည်နယ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၄ ခုနှစ်၊ မေလတွင် ထုတ်ပြန်ခဲ့သော International Nut and Dried Fruit Council မှ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ အခွံပါ မက္ကဒေးမီးယားထုတ်လုပ်မှု (အစိုဓာတ် ၃.၅ %)သည် မက်ထရစ် တန် (၆၇,၉၀၀)အထိရှိကြောင်း သိရှိရပါသည်။

ကွမ်တုန်းပြည်နယ်ရှိ အခွံမာသီး လုပ်ငန်းရှင်များအသင်း၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ အခွံပါမက္ကဒေးမီးယား တင်သွင်းမှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်း မက်ထ ရစ်တန် (၈၄,၀၀၀)ရှိကြောင်း၊ တရုတ်၏ အခွံပါမက္ကဒေးမီးယား စားသုံးမှုသည် ၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန် (၁၅၀,၀၀၀)ရှိမည်ဟု ခန့်မှန်းထားရာ တင်သွင်းမှုသည် မက်ထရစ်တန် (၇၀,၀၀၀) နှင့် ပြည်တွင်းထုတ်လုပ်မှုသည် မက်ထရစ်တန် (၈၀,၀၀၀)ရှိမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်ဈေးကွက်၌ မက္ကဒေးမီးယားအစေ့သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးပိုမြင့်ကြောင်း၊ ဥပမာအားဖြင့် မက္ကဒေးမီးယားအဓိကထွက်ရှိရာဒေသများရှိ ခြံများ၌ စျေးနှုန်းသည် တစ်ကီလို ဂရမ်လျှင် (၉.၅)ယွမ် (အမေရိကန်ဒေါ်လာ ၁.၃၃)အထိ မြင့်တက်လာဖွယ်ရှိပြီး ၂၀၂၃ ခုနှစ်က ထက် (၁၉)% မြင့်တက်လာကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် သရေစာအဖြစ်စားသုံးသည့် အစေ့အဆံများသည် တရုတ်နိုင်ငံ၏ အစာပြေမုန့် စားသုံးမှု၏ (၂၀)%ခန့်ရှိပြီး အစေ့အဆန်များ၏ဝေစုသည် တဖြည်းဖြည်း တိုးတက် လာလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လူတစ်ဦးလျှင် အခွံမာသီး ပျမ်းမျှနေ့စဉ်စားသုံးမှုမှာ (၁၀) ဂရမ်ဝန်းကျင်ဖြစ်ပြီး၊ ၎င်းသည် အစိုးရ၏ အကြံပြုထားသောအဆင့်ထက် ကျော်လွန်လျက်ရှိ ကြောင်းနှင့် တရုတ်နိုင်ငံတွင် အစေ့အဆံများကို အဆာပြေစားသုံးမှုသည် အစောပိုင်းအဆင့် တွင်သာ ရှိနေသေးကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရှိ မက္ကဒေးမီးယားထုတ်ကုန်များကို အမျိုးအစားများစွာ ခွဲခြားနိုင်ပြီး သမာရိုး ကျအခွံပါမက္ကဒေးမီးယားများထုတ်ကုန်များသည်  ဈေးကွက်၏ (၅၀)% ရှိ၍ မက္ကဒေးမီးယားအစေ့ သည် (၄၅)%နှင့်  မုန့်များနှင့် ရေခဲမုန့်များတွင် အသုံးပြုသော အမှုန့်များကဲ့သို့သော အခြားသုံးစွဲမှု များသည် (၅)% ဖြစ်ကြောင်း သိရှိရပါသည်။

WMO ၏ စျေးကွက်သုတေသနပြုချက်အရ မကြာသေးမီနှစ်များအတွင်း မက္ကဒေးမီးယား အစေ့များသည် ၎င်းတို့၏ နူးညံ့သောအသွင်အပြင်နှင့် ကြွယ်ဝသောခရင်မ်အရသာတို့ကြောင့် ထိပ်တန်းစားသောက်ကုန်ကုမ္ပဏီများအတွက် အဓိကပါဝင်ပစ္စည်းများဖြစ်လာခဲ့ကြောင်း၊ မက္က ဒေးမီးယားအစေ့များသည် အာဟာရဓာတ် ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လိုအပ်သော အရည်အသွေးမြင့် အဆီများကို ပေးစွမ်းနိုင်ပြီး glycemic index နည်းပါးကြောင်း၊ သို့သော်လည်း စားသုံးသူအများအပြားသည် မက္ကဒေးမီးယားအစေ့၏ အာဟာရဆိုင်ရာတန်ဖိုး များကို သတိမပြုမိကြသဖြင့် စားသုံးသူများ၏ သဘောထားအမြင်များကို ပြောင်းလဲရန် လိုအပ် ပြီး အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံရှိ Want Want Group မှ မက္ကဒေးမီးယားနို့ကို မိတ်ဆက်ခဲ့ပြီး Chacha Food သည် မက္ကဒေးမီးယားအမှုန့်ကို ထုတ်လုပ်ခဲ့ကြောင်း၊ ထို့အပြင် မက္ကဒေးမီးယားအစေ့များ ပါရှိ သည့် တီထွင်ဆန်းသစ်သော အခြားသရေစာများလည်း စျေးကွက်တွင် ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ အခွံပါမက္ကဒေးမီးယားသည် စားသုံးမှုကို လွှမ်းမိုးထား သော်လည်း မက္ကဒေးမီးယားအစေ့ဖြင့်ပြုလုပ်ထားသည့် သရေစာမုန့်အမျိုးမျိုးကို ဆန်းသစ် တီထွင်မှုသည် စားသုံးမှုပုံစံများကို စဉ်ဆက်မပြတ် ပြောင်းလဲစေသောကြောင့် မက္ကဒေးမီးယား ရောင်းချမှုကို မြင့်တက်လာစေကြောင်း သိရှိရပါသည်။

Source: https://www.producereport.com/article/bright-prospects-macadamia-nuts-china

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News