International News

လာအိုနိုင်ငံမှ တရုတ်-လာအို အအေးခန်းတွဲရထားဖြင့် ပထမဆုံးတင်ပို့သည့် ငှက်ပျောသီးများသည် ပေကျင်းမြို့သို့ ရောက်ရှိ

Last Updated:

လာအိုနိုင်ငံမှ လတ်လတ်ဆတ်ဆတ် ငှက်ပျောသီးများသည် တရုတ်-လာအိုရထား (Vientiane-Kunming-Beijing Pinggu)၏ ပထမဆုံး နိုင်ငံတကာ အအေးခန်းတွဲရထားဖြင့် ၂၀-၁၀-၂၀၂၄ ရက်နေ့တွင် ပေကျင်းမြို့ရှိ Jing Ping Logistics Hub သို့ ရောက်ရှိလာခဲ့ကြောင်း Global Times သတင်း၌ ဖော်ပြထားသည်ဟု သိရှိရပါသည်။

ဒေသတွင်း ကုန်သွယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး တရုတ်-လာအိုရထား၏ သယ်ယူ ပို့ဆောင်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ပေကျင်းအစိုးရသည် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဒီဇင်ဘာလအစောပိုင်းတွင် ရထားခရီးစဉ်ကို ပုံမှန် ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ထားကြောင်း Global Times သည် Pinggu ခရိုင်အစိုးရထံမှ သိရှိရ ကြောင်း ဖော်ပြထားပါသည်။

အောက်တိုဘာလ (၁၂)ရက်နေ့က ငှက်ပျောသီးတန်ချိန် (၃၉၀)ပါရှိသည့် အအေးခန်းတွဲ ရထားသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းတောင်ပိုင်း ဘူတာမှ ထွက်ခွာလာပြီး တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ မိုဟန်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့ကာ အအေးကွင်းဆက် သယ်ယူပို့ဆောင်ရေးမှတစ်ဆင့် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရ ပါသည်။

သမာရိုးကျနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ယခုသယ်ယူပို့ဆောင်မှုသည် အအေးခန်း ကွင်းဆက်နှင့် ကောင်းမွန်သော ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အသုံးပြုခဲ့သဖြင့် သယ်ယူ ပို့ဆောင်မှုကို မြန်ဆန်စေပြီး ကုန်ကျစရိတ်များကို လျှော့ချပေးကြောင်း China Railway Special Cargo Logistics Co ၏ Cold Chain Logistics ဌာနမှ ဒါရိုက်တာ Yi Qiang က Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပထမအအေးခန်းတွဲရထားကို အောင်မြင်စွာ ပြေးဆွဲနိုင်စေရန်အတွက် ကုမ္ပဏီသည် ငှက်ပျောသီးသယ်ယူပို့ဆောင်ရန် လိုအပ်သည့် အပူချိန်၊ စိုထိုင်းဆနှင့် အခြားအခြေအနေများကို တိကျစွာ စီမံခန့်ခွဲ၍ ၎င်း၏ အအေးကွင်းဆက်ကွန်တိန်နာများကို အသုံးပြုကာ သီးသန့်ထောက်ပံ့ ပို့ဆောင်ရေးအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း Yi က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

လာအိုနိုင်ငံသည် ငှက်ပျောစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေဆီလွှာနှင့် ရာသီဥတုရှိပြီး ချိုပြီးနူးညံ့သည့် ငှက်ပျောသီးများ ထွက်ရှိသည့်အတွက် တရုတ်စားသုံးသူများကြား ရေပန်းစား လာကြောင်း လာအိုငှက်ပျောသီးလက်လီရောင်းချသူ Beijing Yongxin Hengchang Fruit Co.,Ltd ၏ အထွေထွေမန်နေဂျာ Zhang Zhongyi မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုတင်ပို့ခဲ့သော ငှက်ပျောသီးများကို JD.com၊ Meituan နှင့် Guoduomei တို့ကဲ့သို့ အဓိက platform များအပါအဝင် အွန်လိုင်းနှင့် ပုံမှန်ဈေးများမှတစ်ဆင့် ဖြန့်ဝေရောင်းချမည် ဖြစ်ပြီး တစ်ပတ်အတွင်း ရောင်းကုန်မည်ဟု ခန့်မှန်းထားကြောင်း Zhang မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Jing Ping Logistics Hub Co ၏ CEO ဖြစ်သူ Zhao Liang က အဆိုပါတင်ပို့မှုသည် ဗီယင်ကျန်းမြို့မှ ပေကျင်းမြို့သို့ ပထမဆုံးအကြိမ်အဖြစ် အအေးခန်းတွဲရထားဖြင့် တိုက်ရိုက် ပို့ဆောင်ခြင်းဖြစ်ပြီး တရုတ်စားသုံးသူများအား အရည်အသွေးမြင့် အရှေ့တောင်အာရှ သစ်သီး ဝလံများကို ပို့ဆောင်ပေးသည့် မှတ်တိုင်တစ်ခုဖြစ်သည်ဟု Global Times သို့ ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံမှ နှစ်စဉ် ငှက်ပျောသီး တန်ချိန် (၇)သိန်းခန့် တင်သွင်းလျက် ရှိကြောင်း၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ရန် တရုတ်-လာအိုကုန်စည်ပို့ဆောင်ရေးရထားပြေးဆွဲခြင်းနှင့်အတူ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ပေကျင်း-ထျန်ကျင်း-ဟောပေဒေသတို့မှ သစ်သီးဝလံများ၊ အသေးစားစက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများ၊ အီလက်ထရွန်းနစ်နှင့် ခေတ်မီလယ်ယာထွက်ကုန်များကို လာအို၊ ထိုင်း၊ စင်ကာပူနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ အခြားနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း Pinggu ခရိုင်အစိုးရမှ တာဝန်ရှိသူတစ်ဦးက Global Times သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်သည် တရုတ်-လာအို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (၁၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဝန်ကြီးချုပ်များအကြား မကြာသေးမီက တွေ့ဆုံမှု အပြီးတွင် အရည်အသွေးမြင့်မား၍ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို အဓိက ထားသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည် ဟု သိရှိရပါသည်။

တရုတ်နိုင်ငံသည် လာအိုနိုင်ငံတွင် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပြီး နယ်ပယ် အသီးသီးတွင် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် အလားအလာ များစွာကို လာအိုနိုင်ငံက မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Source: en.people.cn/n3/2024/1021/c90000-20231678.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News