International News

ဒစ်ဂျစ်တယ်ငွေကြေးစီမံကိန်းတွင် ဂျပန်ဘဏ် ၄ ခုမှ ပါဝင်ဆောင်ရွက်သွားမည်

Last Updated:

ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြု၍ နိုင်ငံဖြတ်ကျော် ငွေပေးချေနိုင်ရေးအတွက် Bank for International Settlements မှ ဦးဆောင်ပြုလုပ်သည့် နိုင်ငံတကာ စမ်းသပ်ဆောင်ရွက်မှုတွင် ကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့အစည်း ၄၀ ခုပါဝင်သွားမည် ဖြစ်ပြီး၊ အဆိုပါ ဘဏ်များတွင် ဂျပန်နိုင်ငံမှ ဘဏ် ၄ ခု ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် နိုင်ငံတကာငွေလွှဲပြောင်းမှုများကို မြန်ဆန်စေရန်၊ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံတကာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ဖြစ်သည့် “Project Agora” ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ စီမံကိန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး ဂျပန်ဗဟိုဘဏ်၊ အမေရိကန်ဗဟိုဘဏ်၊ ဗြိတိန်ဗဟိုဘဏ်၊ ပြင်သစ်ဗဟိုဘဏ်နှင့် တောင်ကိုရီးယားဗဟိုဘဏ် အပါ အဝင် ဗဟိုဘဏ် ၇ ခု ပါဝင်ခဲ့ကြောင်း၊ ထို့ပြင် စီမံကိန်း၌ ပုဂ္ဂလိက ဘဏ္ဍာရေးအဖွဲ့အစည်းများလည်း ပါဝင်သွားမည်ဖြစ်ကြောင်း Bank for International Settlements က လွန်ခဲ့သည့် အပတ်တွင် ကြေညာခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ MUFG Bank ၊ Sumitomo Mitsui Bank ၊ Mizuho Bank နှင့် SBI Shinsei Bank တို့ ပါဝင်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန်မှ JP Morgan Chase Bank ၊ Citigroup ၊ Deutsche Bank၊ ပြင်သစ်မှ BNP Paribas SA နှင့် ဗြိတိန်မှ HSBC Holdings နှင့်အမေရိကန်မှ Visa နှင့် Mastercard တို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗဟိုဘဏ်များ၏ ဒစ်ဂျစ်တယ် ငွေကြေးများနှင့် စီးပွားရေးဘဏ်များ၏ အပ်နှံငွေများကို လွယ်ကူချောမွေ့စွာ နိုင်ငံဖြတ်ကျော် လွှဲပြောင်းပေးပို့နိုင်မည့် စနစ်တစ်ခု ဖော်ဆောင်ခြင်းဖြင့် နိုင်ငံတကာငွေလွှဲပြောင်းမှုဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ စနစ်၏ အခြေခံဒီဇိုင်းနှင့်ဖြေရှင်းဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ ကို ၂၀၂၅ ခုနှစ်၊နှစ်ကုန်တွင် ရေးဆွဲထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံဖြတ်ကျော် ငွေလွှဲပြောင်းပေးချေမှုများအတွက် SWIFT (The Society for Worldwide Interbank Financial Telecommunication) စနစ်နှင့် ကြားခံဘဏ်များကို မှီခိုနေရကြောင်းအဆိုပါ စနစ်တွင် ကြားခံဘဏ်များ အများအပြားပါဝင် ဆောင်ရွက်ရသည့်အတွက် အချက်အလက်များ မှန်ကန်မှု ရှိ-မရှိ အပါအဝင် ထပ်တလဲလဲဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ များပြားခြင်းနှင့် ငွေကြေး ခဝါချမှုများ မဖြစ်ပေါ်စေရေးလည်း ဆောင်ရွက်ရလျက် ရှိကြောင်း၊ ထို့ပြင် အချို့သော လုပ်ငန်း စဉ်များကို လူကိုယ်တိုင်ဆောင်ရွက်ရသည်များလည်း ရှိသည့်အတွက် ငွေကြေးလွှဲပြောင်းရာတွင် အချိန်နှင့်ငွေကုန်ကျမှု များပြားလျက် ရှိကြောင်း၊ ဒစ်ဂျစ်တယ်ငွေကြေးစနစ်သို့ ပြောင်းလဲ ကျင့် သုံးမည် ဆိုပါက အဆိုပါ ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်သော်လည်း နည်း ပညာဆိုင်ရာ ကန့်သတ်ချက်များ၊ နိုင်ငံများအကြား စီမံအုပ်ချုပ်မှုစနစ် မတူညီမှုများနှင့် လုပ်ငန်း ဆောင်ရွက်သည့် အချိန်များ ကွာဟခြင်းစသည့် ကိစ္စရပ်များကိုလည်း ဖြေရှင်းဆောင်ရွက်ရန် လိုအပ်လျက် ရှိကြောင်း ဖော်ပြထားပါသည်။

( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Japan Times )  

Category: International News