International News

ရော်ဘာအတွက် ရေးထိုးခဲ့သော သဘောတူညီချက်သည် ထိုင်းကုမ္ပဏီများကို ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်ပေးရန်ဖြစ်

Last Updated:

ရော်ဘာထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ရှိ လုပ်ငန်းရှင်များ၏နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ရော်ဘာအသင်းတို့ ပူးပေါင်း၍ “ရာဘာစက်မှုလုပ်ငန်းသို့ ဘဏ္ဍာငွေထောက်ပံ့ပေးခြင်းစီမံချက်” အတွက် ရည်ရွယ်သည့်စာလွှာ (Letter of Intent) လက်မှတ်ရေးထိုးခဲ့ပါသည်။

ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ရော်ဘာနှင့်ရော်ဘာထုတ်ကုန် တန်ဖိုးစုစုပေါင်း ဘတ် ၆၈၀ ဘီလီယံကျော် တင်ပို့လျက်ရှိကြောင်း၊ ကုန်သည်ကြီးများအသင်း၊ ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့၊ ရာဘာအသင်း၊ ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီနှင့် ချေးငွေအာမခံပေးရေး ကော်ပိုရေးရှင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ရော်ဘာစက်မှုလုပ်ငန်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာ‌ငွေရရှိစေရန် ရည်ရွယ်ပါကြောင်း၊ ရော်ဘာနှင့်ရော်ဘာထုတ်ကုန်တို့၏ တန်ဖိုးကိုမြှင့်တင်ပြီး ကမ္ဘာ့ဈေးကွက်တွင် ရော်ဘာဈေးကွက်မျှဝေမှု တိုးမြှင့်ရရှိနိုင်သည့် အခွင့်အလမ်းများ ဖွင့်လှစ်ပေးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ်တွင် ဘတ် ၂ ဘီလီယံကို ဘတ်ဂျက်တွင် လျာထားခဲ့ပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Arkhom Termpittayapaisith က ပြောကြားခဲ့ပါသည်။

ယခင်နှစ်က ရော်ဘာကုန်ကြမ်းနှင့်ရာဘာထုတ်ကုန်များ စုစုပေါင်း တန် ၅၀၀,၀၀၀ တင်ပို့နိုင်ခဲ့ပြီး ပြည်တွင်းဝယ်ယူမှု တန် ၁ သန်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရော်ဘာတင်ပို့မှု ၅ ရာခိုင်နှုန်း တိုးတက်လာရန် မျှော်မှန်းထားပါကြောင်း၊ မော်တော်ကားသုံးစွဲသူများသည် သမာရိုးကျမော်တော်ကားမှ လျှပ်စစ်မော်တော်ကားသို့ ပြောင်းလဲသွားကြသော်လည်း ရော်ဘာထုတ်ကုန်ဖြစ်သည့် မော်တော်ကားတာယာများ၏ ဝယ်လိုအားရှိနေဆဲဖြစ်ကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Charoensuk က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ရော်ဘာတင်ပို့သည့်နိုင်ငံဖြစ်ကြောင်း၊ ရော်ဘာထုတ်ကုန်တင်ပို့မှုတွင် အဆင့် ၄ ဖြစ်ကြောင်း၊ အမေရိကန်၊ တရုတ်၊ မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkokpost.gov

 

Category: International News