International News

တင်သွင်းသည့် ပဲစင်းငုံနှင့် မတ်ပဲ လက်ထဲ ရက် ၃၀ ထက် ပိုမထားရန် အိန္ဒိယအစိုးရ ညွှန်ကြား

Last Updated:

      ပြည်ပမှ တင်သွင်းသည့် ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ရှင်းလင်းရေးကိစ္စ ပြီးစီးသည့်ရက်မှ ရက်ပေါင်း ၃၀ ထက်ကျော်လွန်ပြီး လက်ထဲကိုင်မထားရန် အိန္ဒိယအစိုးရက သွင်းကုန်လုပ်ငန်းရှင်များကို ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။ အန္ဒိယနိုင်ငံမှ စားသုံးသူတို့အကြား အရေးပါသည့် ပဲနှစ်မျိုးဖြစ်သော ပဲစင်းငုံနှင့် မတ်ပဲတို့ကို ပြည်တွင်းဈေးကွက်တွင် ဈေးမတက်အောင် ထိန်းကျောင်းရန် စားသုံးသူရေးရာ ဝန်ကြီးဌာနက ၎င်းညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် လက်ထဲရှိနေသည့် ပဲပမာဏများကို သောကြာနေ့တိုင်း အစီရင်ခံရန် ပဲကုန်သည်များကို ညွှန်ကြားထားသည်။

       အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်နှံအစေ့အဆန်များအသင်း Indian Pulses and Grains Associationမှ ၎င်း၏အဖွဲ့ဝင်အားလုံးကို အစိုးရမှ အကြံပြုထားသည့်အတိုင်း လက်ထဲရှိနေသည့်ပဲများကို ရောင်းချကြရန် ပြောကြားခဲ့သည်။ ပဲစင်းငုံသည် တစ်ကီလိုလျှင် ရူပီး ၁၂၀၊ မတ်ပဲသည် တစ်ကီလိုလျှင် ရူပီး ၁၁၀ ဖြင့် ဈေးငြိမ်နေသည်မှာ ၃ လ ရှိပြီဖြစ်သည်။ “မြန်မာနိုင်ငံနဲ့မိုဇမ်ဘစ်တို့လို နိုင်ငံတွေကနေ ပဲစင်းငုံနှင့် မတ်ပဲပို့ကုန်တွေ အရှိန်မြှင့်တင်ပို့ဖို့ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် အခုလို ဈေးတည်ငြိမ်နေတာပါ။ ရည်မှန်းချက်က ကုန်စည်စီးဆင်းမှုမှာ တစ်ဆို့မှု ကင်းဖို့နဲ့ လှောင်မထားကြဖို့ ဖြစ်ပါတယ်" ဟု အစိုးရဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

      မေလ အစောပိုင်းက စားသုံးသူရေးရာ အတွင်းဝန် Rohit Kumar Singh က မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအား ၎င်းတို့၏ ပဲပို့ကုန်များကို လှောင်ထားခြင်းမပြုရန် တိုက်တွန်းခဲ့ပြီး အစိုးရအနေဖြင့် အခြားရွေးချယ်စရာ နည်းလမ်း မကျန်သဖြင့် အစိုးရချင်း စာချုပ် ချုပ်ဆိုပြီး ဝယ်ယူသည့် အဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံ အထွက်လျော့ကျသဖြင့် ပြည်တွင်းဖူလုံရေးအတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည်။ ပဲစင်းငုံသည် ယမန်နှစ်က တန်ချိန် ၄၂ သိန်း ထွက်ရှိခဲ့သည်။ ယခုနှစ် (၂၀၂၂ ဇူလိုင်မှ ၂၀၂၃ ဇွန်လအထိ)တွင် တန်ချိန် ၃၇ သိန်း ထွက်ရှိမည်ဟု စိုက်ပျိုးရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။ ပဲကုန်သည်တို့က တန်ချိန် ၂၈ သိန်းထက် မပိုဟု ခန့်မှန်းထားသည်။

      မတ်ပဲ ထွက်ရှိမည့် ပမာဏကို တန်ချိန် ၂၇ သိန်း ဝန်းကျင်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က တန်ချိန် ၂၈ သိန်း ထွက်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံသည် ပြည်တွင်း ပဲစားသုံးမှု၏ ၁၅% ကို ပြည်ပမှ တင်သွင်းပြီး ဖြည့်တင်းပါသည်။

Source timesofindia 

https://www.foodindustrydirectory.com.mm

Category: International News