ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan ၏ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် သံမဏိထုတ်လုပ်ရာ၌ ကမ္ဘာ့အဆင့် ၄ ရှိသော Nippon Steel Corporation (NSC) ၏ ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့သွားရန် ဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ခရီးစဉ်တွင် ဝန်ကြီးက မျှတသော လုပ်ငန်းအလေ့အထများ ဖြစ်စေရေးအတွက် ထိုင်းဈေးကွက်အတွင်းတွင် တန်ဖိုးနည်းသံမဏိပစ္စည်းများ လာရောက်စုပြုံခြင်းကို ကာကွယ်ရန် ထိုင်းအစိုးရအနေဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ဝယ်လိုအား တိုးတက်လာလျက်ရှိသော သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမှုကို ဦးစားပေးဖြစ်သည့် “Green Steel” နှင့် တင်သွင်းလာသည့် သံမဏိများနေရာတွင် အစားထိုးနိုင်မည့် အရည်အသွေးမြင့် သံမဏိများ ထုတ်လုပ်ရန်အတွက် ထိုင်းနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် တိုက်တွန်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် NSC တည်ထောင်ခဲ့သည်မှာ နှစ် ပေါင်း ၆၀ ကျော်ပြီဖြစ်ပြီး G Steel Plc နှင့် G J Steel Plc တို့ကို မကြာသေးမီက တိုးချဲ့ခဲ့ကြောင်း သိရှိ ရပါသည်။
G Steel Plc နှင့် G J Steel Plc တို့သည် ထိုင်းနိုင်ငံတွင် အကြီးဆုံး သံမဏိထုတ်လုပ်သူများဖြစ် ပြီး ထိုင်းနိုင်ငံစီးပွားရေးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ၎င်း၏ရပ်တည်မှုကို ပိုမိုခိုင်မာစေရန် ထပ်တိုးရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိပါကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်စပ်မှုများ ပိုမိုခိုင်မာစေရန် ဝန်ကြီးသည် ကုမ္ပဏီဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တိုးတက်နေမှု၊ ယခုနှစ်အတွင်း ပို့ကုန်တိုးတက်မှုကို ၅ ရာခိုင်နှုန်း ခန့်မှန်းထားမှု၊ PCB၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တုနှင့် အချက် အလက်စင်တာများ စသည့် အနာဂတ်ဦးတည်သွားမည့် စက်မှုလုပ်ငန်းများကို အလေးပေးဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် ခေတ်မီစက်ရုံများကို ထောက်ပံ့ပေးရန်နှင့် နီပွန်သံမဏိမှ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာမည်ကို မျှော်လင့်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။
အရည်အသွေးနိမ့်သော သွင်းကုန်များနှိမ်နင်းရန်နှင့် anti-dumping လုပ်ထုံးလုပ်နည်းများအတွက် အဖွဲ့ဖွဲ့၍ ဆောင်ရွက်နေမှုအပါအဝင် အစိုးရအနေဖြင့် ပြည်တွင်း ထုတ်လုပ်သူများကို ထောက်ပံ့ပေးသည့် အစီအမံများကို အလေးထားပြောကြားခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နေချိန်တွင် ပြည်တွင်းဈေးကွက်ကို အကာအကွယ်ပေးရန် ဝန်ကြီးဌာနအနေဖြင့် အပြည့်အဝဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းဝယ်လိုအား ကျဆင်းခြင်းနှင့် စွမ်းအင် ကုန်ကျစရိတ် မြင့်တက်နေခြင်းစသည့် စိန်ခေါ်မှုများရှိသော်လည်း နှစ်မျိုးသုံးမော်တော်ယာဉ်ဈေးကွက် တိုးတက်လာမှုနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်မှုအပေါ် ယုံကြည်ပါကြောင်း၊ သံမဏိထုတ်လုပ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၃၃ ရာခိုင်နှုန်း လျှော့ချပေးနိုင်သော ဟိုက်ဒရိုဂျင်အသုံးပြု၍ ထုတ်လုပ်သည့် NSC ၏ တီထွင်ဖန်တီးမှုအပေါ် ချီးကျူးဂုဏ်ပြုလိုကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။