International News

Starbucks Coffee သည် တရုတ်နိုင်ငံကို ပိုကြီးမားသောဈေးကွက်ဖြစ်လာမည်ဟု မျှော်လင့်ထား

Last Updated:

Starbucks ၏ ကမ္ဘာလုံးဆိုင်ရာ စီအီးအို Laxman Narasimhan က တရုတ်နိုင်ငံ၏ ကြီးမားသော ဈေးကွက်အလားအလာကို အလေးထားပြောကြားခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် တရုတ်ပြည်မကြီးတွင် Starbucks Coffee ဆိုင် (၉၀၀၀) ဖွင့်လှစ်ရန် ကုမ္ပဏီ၏ ရည်မှန်းချက်ကို ဆက်လက်ထားရှိရန် အကြံပြုခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လူတစ်ဦးကျ ကော်ဖီသောက်သုံးမှုမှာ တိုးတက်လာသော်လည်း ဂျပန်နှင့် အမေရိကန်တို့၏ နောက်တွင် အတော်အတန်နောက်ကျနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးတိုးချဲ့ရန် အတွက် အခွင့်အလမ်းများစွာ ကျန်ရှိနေသေးသည့် အနေအထားဖြစ်သည်ဟု ကမ္ဘာပေါ်ရှိ အခြားမြို့များထက် ပိုများ၍ Starbucks ဆိုင်ပေါင်း (၁,၀၀၀) ကျော်ရှိသည့် ရှန်ဟိုင်းမြို့သို့ ရောက်ရှိချိန်အတွင်း Laxman Narasimhan က ပြောခဲ့ကြောင်းသိရှိရပါသည်။ တရုတ်နိုင်ငံသည် ကြီးမားသော စားသုံးသူ ဈေးကွက်ကြီးဖြစ်သည့်အတွက် တရုတ်နိုင်ငံအပေါ် ရည်မှန်းချက်များကြီးကြီး မားမားထားရှိကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

အမေရိကန်ကော်ဖီကုမ္ပဏီကြီးဖြစ်သည့် Starbucks သည် ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ပထမဆုံးကော်ဖီဆိုင်ကို ဖွင့်လှစ်ခဲ့ပြီးနောက်၂၀၂၃ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၌ တရုတ်နိုင်ငံရှိ မြို့ပေါင်း (၂၄၄)မြို့တွင် ဆိုင်ခွဲပေါင်း (၆,၂၀၀)ကျော်ကို လည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

COVID-19 ၏ အကျိုးသက်ရောက်မှုများရှိခဲ့သော်လည်း ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဆိုင်ခွဲပေါင်း (၉,၀၀၀)အထိ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် အစီအစဉ်များကို လွန်ခဲ့သောနှစ်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၌ ဈေးကွက်ကြီးထွားလာရန် ၎င်းတို့အနေဖြင့် အချိန်အတော်ကြာ ဆောင်ရွက်ခဲ့ပြီး ဆိုင်ခွဲပေါင်း (၉,၀၀၀)သည် ၎င်းတို့အတွက် လာမည့်သုံးနှစ်အတွင်း ပိုမိုကြီးမားသော ဈေးကွက်တစ်ခုဖြစ်စေမည့် သမိုင်းမှတ်တိုင်တစ်ခုသာ ဖြစ်သည်ဟု စီအီးအိုက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 မေလ (၂၉) ရက်နေ့တွင် Narasimhan နှင့် တွေ့ဆုံနေစဉ် ရှန်ဟိုင်းမြို့တော်ဝန် Gong Zheng က ကော်ဖီသည် ရှန်ဟိုင်းဘဝပုံစံ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုနှင့် မြို့တော်၏ နိုင်ငံတကာ ယဉ်ကျေးမှုတစ်ခု ဖြစ်လာခဲ့ကြောင်း၊ Starbucks အနေဖြင့် ရှန်ဟိုင်းတွင် သုတေသနနှင့် ရင်းနှီး မြှုပ်နှံမှုကို ဆက်လက်လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

မေလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သော Starbucks ၏ဘဏ္ဍာရေးအစီရင်ခံစာတွင် တရုတ်နိုင်ငံရှိ ၎င်းတို့၏စီးပွားရေးလုပ်ငန်းသည် ယခုနှစ်တွင် ပြန်လည်ကောင်းမွန်လာပြီး ဖောက်သည်များသည် ကော်ဖီဆိုင်များသို့ ပိုမိုလာရောက်ခဲ့ကြသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၂၃ ဘဏ္ဍာနှစ်၏ ဒုတိယသုံးလပတ်တွင် တရုတ်နိုင်ငံ၌ ကုမ္ပဏီ၏ အသားတင်အမြတ် တိုးတက်မှုမှာ (၃)ရာခိုင်နှုန်း ရှိခဲ့၍  Starbucks ဆိုင်ခွဲပေါင်း (၁၅၃)ခုကို အသစ်ထပ်မံဖွင့်လှစ်နိုင်ခဲ့ပြီး ယခင်လေးလပတ်ထက် (၂)ဆတိုးလာကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ဝင်ငွေများ လျင်မြန်စွာတိုးတက်လာခြင်း၊ မြို့ပြဖြစ်ထွန်းမှုလျင်မြန်လာခြင်းနှင့် အသစ်အဆန်းသောက်သုံးရန် စိတ်ဝင်စားလာခြင်းတို့ကြောင့် ထုံးတမ်းစဉ်လာအရ လက်ဖက်ရည် သောက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် မကြာသေးမီ ဆယ်စုနှစ်များတွင် ကော်ဖီနှင့် အခြားယမကာအသစ်များကို ပိုမိုသောက်သုံးသည့်နိုင်ငံဖြစ်လာခဲ့ကြောင်းသိရှိရပါသည်။

အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးပလက်ဖောင်းဖြစ်သည့် Meituan ၏အဆိုအရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ကော်ဖီလုပ်ငန်းသည် ယွမ် (၂၀၀)ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈ ဘီလီ ယံခန့်)ရှိသည်ဟု ခန့်မှန်းရပြီး ၂၀၂၅ ခုနှစ်တွင် ယွမ် (၃၆၉) ဘီလီယံသို့ ရောက်ရှိမည်ဟု ခန့်မှန်း ထားကြောင်း သိရှိရပါသည်။

 

 

 

 

Source: https://english.news.cn/20230530/47747a5a5ceb417ba18b956582eb7957/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News