International News

မိုးရွာခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်းများသည် အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၏ ရိတ်သိမ်းခါနီးဖြစ်သည့် ဝါဂွမ်းနှင့် မြေပဲသီးနှံများအပေါ် သက်ရောက်မှုရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏အကြီးဆုံး ဝါဂွမ်းနှင့် မြေပဲစိုက်ပျိုးသည့်ဒေသဖြစ်သည့် ဂူဂျာရတ်ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့် လေပြင်းများဆက်လက်ဖြစ်ပေါ်နိုင် သည်ဟုခန့်မှန်းထားကြောင်းနှင့် ရေကြီးမှုအန္တရာယ်မြင့်တက်လျက်ရှိကြောင်း၊ ထို့ကြောင့် ရိတ် သိမ်းရန် သီတင်းပတ်မျှသာလိုတော့သည့် သီးနှံများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း သိရှိရပါသည်။

ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်းရှိ Saurashtra နှင့် Kachchh ဒေသများတွင် လာမည့်စနေ နေ့အထိ သုံးရက်တိုင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားကြောင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းငယ်သည် သောကြာနေ့တွင်ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၈၅ ကီလိုမီတာ (၅၃ မိုင်) အထိ မြင့်တက်လာနိုင်ကြောင်း ကြာသပတေးနေ့ထုတ် မိုးလေဝသစာစောင်တွင် ဖော်ပြထားသည်။

ဝါဂွမ်းပင်များပျက်စီးဆုံးရှုံးမှုသည် ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းနေသည့် ကမ္ဘာ့ဝါဂွမ်းဈေးကို ဖိအားပေးနိုင်သကဲ့သို့ ပြည်ပမှဝယ်ယူမှုများလည်း မြင့်တက်လာနိုင်ပါကြောင်း၊ မြေပဲထုတ်လုပ်မှု ကျဆင်းခြင်းသည်လည်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းနေရသည့် ၆၀ ရာခိုင်နှုန်းခန့်သော ဟင်းသီးဟင်းရွက်ဆီ ကုန်စည်ထောက်ပံ့မှုကို အခက်အခဲဖြစ်စေနိုင်‌ကြောင်း သိရှိရပါသည်။

ယခုသီတင်းပတ်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်၏ အချို့နေရာများတွင် လျှပ်တစ်ပြက်ရေကြီးမှုများ ကြုံတွေ့နေရပြီး ၂၄ နာရီအတွင်း တစ်မြို့လုံး မိုးရေချိန် ၃၀၀ မီလီမီတာအထိရွာသွန်းခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။   

 

Source: Rains, cyclone threaten Gujarat’s cotton and peanut crops ahead of harvest, The Economic Times,

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: International News