International News

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက သားငါးထုတ်ကုန်များ၏အညွှန်းဖော်ပြချက်ပါ တိရစ္ဆာန်မွေးမြူသည့်နည်းလမ်းနှင့် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည့်ဖော်ပြချက်များကို ပြင်ဆင်သည့် လမ်းညွှန်ချက် ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနသည် သားငါးထုတ်ကုန်များ (Meat and Poultry products) ၏ အညွှန်းဖော်ပြချက်ပါ တိရစ္ဆာန်မွေးမြူသည့်နည်းလမ်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဖော်ပြချက်များကို ပြင်ဆင်သည့်လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ရောင်းချနေသော သားငါးထုတ်ကုန်များတွင် တိရစ္ဆာန်မွေးမြူသည့်နည်းလမ်းများအဖြစ် ထုတ်လုပ်သူများကိုယ်တိုင် ဖော်ပြချက်များဖြစ်သော “ပဋိဇီဝ ပိုးသတ်ဆေး အသုံးမပြုဘဲမွေးမြူခြင်း (Raised Without Antibiotics)”၊ “မြက်ကျွေးမွေး၍ မွေးမြူခြင်း(Grass-Fed)”၊ “လွှတ်ကျောင်းမွေးမြူခြင်း(Free-Range)” စသည့်နည်းလမ်းများအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ဖော်ပြချက်များဖြစ်သည့် “မြေဆီလွှာနှင့် ဇီဝမျိုးကွဲများကို ထိန်းသိမ်းသည့် စိုက်ပျိုးနည်းအလေ့အကျင့်များကို အသုံးပြု၍မွေးမြူသည့် Raised using Regenerative Agriculture Practices နည်းလမ်း” နှင့် “သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသည့် Climate-Friendly နည်းလမ်း” တို့ကို အသုံးပြုကြောင်း ဆန္ဒအလျောက် ရေးသားဖော်ပြလျက်ရှိကြပါသည်။ အမေရိကန် စိုက်ပျိုးရေးဝန်ကြီး ဌာန၊ စားသောက်ကုန်ဘေးကင်းလုံခြုံရေးနှင့်စစ်ဆေးရေးဌာန (Food Safety and Inspection Service, FSIS) အနေဖြင့် ထုတ်လုပ်သူများက ယင်းသို့ဆန္ဒအလျောက် ရေးသားဖော်ပြချက်များနှင့် ပတ်သက်သော အထောက်အထား စာရွက်စာတမ်းများကို လေ့လာသုံးသပ်ခဲ့ပြီး ယင်းဖော်ပြချက်များကို FSIS ၏ အတည်ပြုချက်ဖြင့် ရောင်းချသည့်ကုန်ပစ္စည်းများတွင် ရေးသားဖော်ပြခွင့်ပြုခဲ့ပါသည်။

FSIS ဌာနသည် ၂၀၁၉ ခုနှစ်ထုတ်ပြန်ခဲ့သည့် အဆိုပါဖော်ပြချက်များနှင့် ပတ်သက်သော လမ်းညွှန်ချက်များကို ၂၈-၈-၂၀၂၄ ရက်တွင် အောက်ပါအတိုင်းပြင်ဆင်ကြောင်း ထုတ်ပြန်ခဲ့ပါသည် -

ပြင်ဆင်သည့်လမ်းညွှန်ချက်တွင် အပိုဒ် (၂) ပါ တိရစ္ဆာန်မွေးမြူရေးနည်းလမ်းများ အဖြစ် ထုတ်လုပ်သူများက ဆန္ဒအလျောက်ဖော်ပြချက်များသည် တတိယအဖွဲ့ အစည်းတစ်ခုခု၏ ထောက်ခံချက်ဖြင့်သာ ရေးသားဖော်ပြရန် တိုက်တွန်းပါကြောင်း၊ တတိယအဖွဲ့အစည်းသည် သီးခြားအမှီအခိုကင်းသည့် အဖွဲ့ဖြစ်သဖြင့် ၎င်းတို့၏ သတ်မှတ်ထားသည့် စံနှုန်းနှင့် ကိုက်ညီမှသာလျှင် ထောက်ခံချက်ပေးမည်ဖြစ်သဖြင့် ယင်းထောက်ခံချက်သည် မှန်ကန်ပြီးလွဲမှားမှုမရှိနိုင်ကြောင်း၊ ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် တိရစ္ဆာန်မွေးမြူ ရေးနည်းလမ်းများအတွက် စာရွက်မှတ်တမ်းများကို အလေးထားဆောင်ရွက်ကြရန်လည်း တိုက်တွန်းကြောင်း၊

ပြင်ဆင်သည့်လမ်းညွှန်ချက်တွင် “ပဋိဇီဝပိုးသတ်ဆေးအသုံးမပြုဘဲမွေးမြူခြင်း (Raised Without Antibiotics)” သို့မဟုတ် “သက်တမ်းတစ်လျှောက် ပဋိဇီဝပိုးသတ်ဆေး လုံးဝ(လုံးဝ) အသုံးမပြုဘဲမွေးမြူခြင်း (No Antibiotics Ever)” စနစ်များကို အကောင်အထည်ဖော်ရန်အတွက် တရိစ္ဆာန်များတွင် ပဋိဇီဝပိုးသတ်ဆေးအသုံးပြုမှုကို စစ်ဆေးသည့် အစီအစဉ်များအသုံးပြုကြရန် သို့မဟုတ် စစ်ဆေးချက်ပါရှိသည့် တတိယအဖွဲ့အစည်း၏ ထောက်ခံချက်ရယူရန် အကြံပြုဖော်ပြထားပါကြောင်း၊

တိရစ္ဆာန်မွေးမြူရေးနည်းလမ်းများအဖြစ် ဖော်ပြချက်များနှင့်ပတ်သက်၍ စိုက်ပျိုးရေးဝန်ကြီး ဌာနအောက်ရှိ FSIS ဌာနနှင့် စိုက်ပျိုးရေးသုတေသနဝန်ဆောင်မှုဌာန (Agricultural Research Service, ARS) တို့ပူးပေါင်း၍ ယင်းဖော်ပြချက်များ၏ တိကျ မှန်ကန်မှုကို စစ်ဆေးသွားမည်ဖြစ်ရာ FSIS က ပြည်နယ် (၃၄) ခုရှိ သားသတ်ရုံ (၈၄) ခုမှ စစ်ဆေးရာတွင်အကျုံးဝင်သော ကျွဲနွားတိရစ္ဆာန် (၁၉၆)ကောင်၏ နှလုံးနှင့် ကျောက်ကပ်တို့ကို စုဆောင်းရယူထားပြီးဖြစ်ကြောင်း၊ ယင်းနမူနာများကို လေ့လာရာတွင် အဓိကကျသည့် ပဋိဇီဝပိုးသတ်ဆေး အမျိုးအစားပေါင်း (၁၈၀) ကျော်ကို အသုံးပြု၍စစ်ဆေးခဲ့ရာ ဈေးကွက်များတွင် ပဋိဇီဝပိုးသတ်ဆေးအသုံးမပြုဘဲမွေးမြူ (Raised Without Antibiotics) သည်ဟုဖော်ပြလျက် ရောင်းချနေသည့် နမူနာ ထုတ်ကုန်များ၏ (၂၀) ရာခိုင်နှုန်းခန့်တွင် ပိုးသတ်ဆေးများသုံးထားသည့် အကြွင်းကျန်များကို တွေ့ရှိခဲ့ကြောင်း၊

FSIS အနေဖြင့် လွဲမှားစွာဖော်ပြထားသည့် ပဋိဇီဝပိုးသတ်ဆေး အသုံးမပြုဘဲမွေးမြူသည်ဟူသော ဖော်ပြချက်များနှင့် ပတ်သက်၍ ဥပဒေစိုးမှုရှိရေးအတွက် အရေးယူမှုများ (Enforcement Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချုပ်အားဖြင့် FSIS သည် လွဲမှားသည့် ဖော်ပြချက်များကို အမှန်ပြင်ဆင်သွားရန်နှင့် ထိုသို့ဆောင်ရွက်သည့် အကြောင်းအရင်းကို စစ်ဆေးရန်အတွက် အကြံပြုထားပြီး ပဋိဇီဝပိုးသတ်ဆေးများ အသုံးပြုပုံကို ဖော်ပြလျက် နောင်တွင်လွဲမှားစွာဖော်ပြခြင်းမပြုလုပ်ရန် အကြံပြုထားပြီးဖြစ်ကြောင်း၊

FSIS သည် ပြင်ဆင်သည့်လမ်းညွှန်ချက်ကို ဖက်ဒရယ်မှတ်တမ်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အကြံပြုချက်များကို ထုတ်ပြန်သည့်ရက်မှ ရက်ပေါင်း (၆၀) အတွင်း ပေးပို့နိုင်ပါကြောင်း၊ အမေရိကန်အစိုးရသည် ၎င်းတို့၏မူဝါဒ၊ လမ်းညွှန်ချက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများထုတ်ပြန်ရာတွင် ပြည်သူများ၏ အကြံပြုချက်များရယူခြင်းမှာ ပုံမှန်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ထုတ်ပြန်ချက်နှင့် သက်ဆိုင်သူ/ အဖွဲ့အစည်းများက အကြံပြုချက်များပေးလေ့ရှိကြောင်း သိရှိရပါသည်။

အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနသည် စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်၍ အထူးသဖြင့် ပြည်တွင်း အသားငါးထုတ်ကုန်များ (Meat and poultry products) များတွင် လွဲမှားစွာဖော်ပြချက်များကို  စိစစ်ဆောင်ရွက်လျက်ရှိပြီး ယခင်လမ်းညွှန်ချက်ကို ပြင်ဆင်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသကဲ့သို့ နိုင်ငံခြားသွင်းကုန်များကိုလည်း စိစစ်ကာ ကြပ်မတ်လာနိုင်ကြောင်း သုံးသပ်ရပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၊ FSIS က သားငါးထုတ်ကုန်များ (Meat and Poultry products) ၏ အညွှန်းဖော်ပြချက်ပါ တိရစ္ဆာန် မွေးမြူသည့်နည်းလမ်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဖော်ပြချက်များကို ပြင်ဆင်သည့်လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ခြင်းအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။  

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

 

 

Category: International News