International News

ဟောင်ကောင်လေဆိပ်တွင် ပြေးလမ်းသုံးလမ်း ပါဝင်သည့် စနစ် စတင်အသုံးပြု

Last Updated:

ဟောင်ကောင်ဒေသ လေကြောင်းသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မှတ်တိုင်တစ်ခု ဖြစ်သည့် ဟောင်ကောင်ဒေါ်လာ ၁၄၁ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားသော ပြေးလမ်း သုံးလမ်းပါဝင်သည့် စနစ်ကို ဟောင်ကောင်လေဆိပ်တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် “Three-runway system now up and running” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

အဆိုပါ ပြေးလမ်းသုံးခုပါဝင်သည့်စနစ်အသုံးပြု၍ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်သုံးစင်း (လေယာဉ်နှစ်စင်း ပြေးလမ်းမှတက်ချိန်တွင် အခြားတစ်စင်း ဆင်းနိုင်ခြင်း) တစ်ပြိုင်နက် အတက်အဆင်းပြုလုပ်သည့် အခမ်းအနားသို့ ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee အပါအဝင် ဟောင်ကောင်ဒေသနှင့် တရုတ်ပြည်မမှ ထိပ်တန်းအရာရှိများ တက်ရောက်ကြကြောင်း ရေးသားဖော်ပြထားပါသည်။

မကြာသေးသောနှစ်များအတွင်း စတင်ခဲ့သည့် ဟောင်ကောင်ဒေသ၏ အကြီးဆုံးသော အခြေခံအဆောက်အဦး စီမံကိန်းများအနက်တစ်ခုဖြစ်သည့် သုံးလမ်းသွားစနစ်တွင် ၃.၈ ကီလိုမီတာ အရှည်ရှိသော ပြေးလမ်းပိုတည်ဆောက်ရန် မြေဟက်တာ ၆၅၀ အကျယ် ကျွန်းတုပြုလုပ်ခြင်းလည်း ပါဝင်ကြောင်းရေးသားဖော်ပြထားပါသည်။ ပြေးလမ်းစနစ်သစ်ကြောင့် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် တစ်နှစ်လျှင် ကုန်စည်တန်ချိန် ၁၀ သန်းနှင့် ခရီးသွား သန်း ၁၂၀ အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြပါသည်။

၂၀၁၉ ခုနှစ် ထုတ်ပြန်ခဲ့သည့် လေဆိပ်မြို့တော်စီမံကိန်းကို ဆက်လက်အကောင်အထည် ဖော်‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟု လေဆိပ်အာဏာပိုင်အဖွဲ့အကြီးအကဲဖြစ်သူ Fred Lam က ပြောကြားခဲ့ကြောင်း၊ အဆိုပါ လေဆိပ်မြို့တော်အနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများကို ဆွဲဆောင် သွားမည်ဖြစ်ပြီး၊ လူပုဂ္ဂိုလ်နှင့် ကုန်စည်များ စီဆင်းမှုကို တိုးတက်စေကာ ဟောင်ကောင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အင်ဂျင်တစ်ခုသဖွယ် လုပ်ဆောင်သွားဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် AsiaWorld-Expo အဆင့်နှစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်နေပြီးဖြစ်ကြောင်းနှင့် အကြီးစားသိုလှောင်ရုံများနှင့် အခြားသော စီမံချက်အသစ်များမှာ ၂၀၂၆ မှ ၂၀၃၁ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News