International News

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်သို့ တင်သွင်းလာမည့် ကုန်စည်များအပေါ် ကောက်ခံသွားမည့် အခွန်နှုန်းထားများကို အဆိုပြုထုတ်ပြန်ခဲ့မှုကြောင့် အာရှဒေသတွင် စတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့

Last Updated:

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်အနေဖြင့် မက္ကဆီကိုနှင့် ကနေဒါတို့မှ အမေရိကန်နိုင်ငံသို့ တင်သွင်းလာမည့် ကုန်စည်များအားလုံးအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံသွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်အားလုံးကို ၁၀ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပြုထုတ်ပြန်ခဲ့သည့်အတွက် အာရှတွင် အစုရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း ၂၆-၁၁-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Trump’s latest tariff proposal rips through Asian stock markets” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ထိုသို့ ထုတ်ပြန်ခဲ့မှုကြောင့် နီခေးအစုရှယ်ယာဈေးနှုန်းမှာ ၇၆၀.၀၆ (၁.၉၆ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး ၃၈,၀၂၀.၀၈ သို့ ရောက်ရှိခဲ့ကြောင်း၊ အထူးသဖြင့် မော်တော် ယာဉ်ထုတ်လုပ်သည့်လုပ်ငန်းများနှင့် ပို့ကုန်လုပ်ငန်းများ၏ အစုရှယ်ယာဈေးနှုန်းများမှာ အများဆုံး ကျဆင်းခဲ့ကြောင်းနှင့် ပျမ်းမျှအစုရှယ်ယာကျဆင်းမှုမှာ ၀.၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထား ပါသည်။

အမေရိကန်သမ္မတအဖြစ်ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်အနေဖြင့် အမေရိကန်သို့ တင်သွင်းလာမည့် ကုန်စည်များအပေါ် ကောက်ခံသွားမည့် အခွန်နှုန်းထားများကြောင့် တရုတ် နိုင်ငံ၏ စီးပွားရေးကို ပိုမိုကျဆင်းစေမည် ဖြစ်သကဲ့သို့ ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအပေါ် လည်း ဆိုးကျိုးသက်ရောက်စေနိုင်မည်ဖြစ်ကြောင်း၊ မက္ကဆီကိုမှ တင်သွင်းလာမည့် ကုန်စည်များ အပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမည်ဟု အဆိုပြုထုတ်ပြန်ခဲ့ခြင်းကြောင့် မက္ကဆီကို နိုင်ငံတွင် စက်ရုံတည်ထောင်ထားသော Nissan Motor ၏ အစုရှယ်ယာဈေးနှုန်းမှာ ၄.၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းနှင့် မက္ကဆီကိုနှင့် ကနေဒါတို့တွင် မော်တော်ယာဉ် ထုတ်လုပ်လျက်ရှိသော Toyota Motor ၏ အစုရှယ်ယာဈေးနှုန်းများမှာလည်း ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြ ထားပါသည်။

နည်းပညာထုတ်ကုန်များ တင်ပို့ရောင်းချလျက်ရှိသော ကုမ္ပဏီများ၏ အစုရှယ်ယာ ဈေးနှုန်းများလည်း ကျဆင်းခဲ့ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း စစ်ဆေးသည့် စက်ပစ္စည်းများ ထုတ်လုပ်သည့် Advantest ၏ အစုရှယ်ယာဈေးနှုန်းမှာ ၅.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီအနေဖြင့် တရုတ်နှင့်အာရှဒေသသို့ အများဆုံးတင်ပို့ ရောင်းချလျက် ရှိကြောင်း၊ ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုးမှာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့မှုကြောင့် ထိုင်ဝမ်(Taiex) အစုရှယ်ယာဈေးနှုန်းမှာ ၁.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့အတူ Shanghai Composite Index မှာ ၀.၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၃၂၅၉.၇၆ သို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ်စတော့ရှယ်ယာတန်ဖိုး (CSI 300) မှာ ၀.၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၃၈၄၀.၁၈ သို့ရောက်ရှိခဲ့ကြောင်း၊ တရုတ်အထည်ချုပ်လုပ်ငန်းဖြစ်သည့် Shenzhou International Group Holdings နှင့် ဖုန်းကုမ္ပဏီ Xiaomi တို့၏ အစုရှယ်ယာတန်ဖိုးများမှာ ၄.၃၈ ရာခိုင်နှုန်းနှင့် ၄.၂၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဒေါ်နယ်ထရန့်၏ အခွန်တိုးမြှင့်ကောက်ခံရေး အဆိုပြုချက်သည် ငွေကြေးဈေးကွက်ကို လည်း ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကနေဒါ ဒေါ်လာဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ    ၁ ဒေါ်လာလျှင် ၁.၄၁၇ သို့ ကျဆင်းခဲ့ပြီး၊ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ကြောင်း၊ မက္ကဆီကိုငွေကြေးဖြစ်သည့် ပီဆိုတန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၂၀.၆၈ သို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia 

Category: International News